အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် မတ် ၂၉ ရက်က အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(Photo:AFP)
Published 19 August 2024

နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားကို ထိန်းချုပ်ရန်ရည်ရွယ်သည့် လေ့ကျင့်မှုအသစ်များနှင့်အတူ အမေရိကန်နှင့် တောင်ကိုရီးယားသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သြဂုတ် ၁၉ ရက်တွင် စတင်ကြောင်း ကြေညာခဲ့သည်။

Ulchi Freedom Shield အမည်ရှိ အဆိုပါစစ်ရေး လေ့ကျင့်မှုများကို သြဂုတ် ၂၉ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ပြီး ယခုနှစ်တွင် ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများထဲတွင် မြောက်ကိုရီးယား ဒုံးကျည်များ၊ ဂျီပီ အက်စ်နှောင့်ယှက်မှုများ အပါအဝင် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS)က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများသည် ဖျက်အားပြင်းလက်နက်များကို တားဆီးရေးနှင့် ကာကွယ်ရေးတွင် မိမိတို့မဟာမိတ်များ၏ စွမ်းဆောင်ရည်နှင့်ရပ်တည်ချက်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သား ၁၉၀၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး မြေပြင်၊ ရေပြင်၊ ဝေဟင်၊ ဆိုက်ဘာနှင့် အာကာသနယ်ပယ်များတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကို ရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း အမေရိကန်ဘက်မှ ပါဝင်မည့် စစ်သား အရေအတွက်ကိုမူ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယား၏ တက်ကြွလှုပ်ရှားသူများသည် မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ ၀ါဒဖြန့်စာစောင်များ ပါရှိသည့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် မကြာသေးမီ လများအတွင်းက အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်းထောင်ချီကို တောင်ကိုရီးယားနိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့ကာ တောင်ကိုရီးယား၏ ဂျီပီအက်စ် အချက်ပြမှုများကို နှောင့်ယှက်ရန် ကြိုးပမ်းခဲ့သည်။

တောင်ကိုရီးယား၏ ဆိုးလ်မြို့တော် အာဏာပိုင်အဖွဲ့ကမူ မြောက်ကိုရီးယား၏ ဒရုန်းတိုက်ခိုက်မှုများအပါအဝင် အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်များနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်စွာ ပြင်ဆင်မှုများ ပြုလုပ်ရန် ရည်ရွယ်သည့် မြို့ပြကာကွယ်ရေး လေ့ကျင့်မှုများကို ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့ဟာ လက်ရှိမှာ မြောက်ကိုရီးယားရဲ့ ဆင်ခြင်မှုမရှိတဲ့ ရန်လိုခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မကြာသေးခင် နှစ်တွေတုန်းက အမှိုက်တွေပါတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်တာလိုမျိုး နိမ့်ကျတဲ့ ရန်စမှုတွေနဲ့ ဂျီပီအက်စ်စနစ်ကို နှောင့်ယှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ သူတို့က တွန့်ဆုတ်ခဲ့တာ မျိုးမရှိပါဘူး”ဟု တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း အမေရိကန်သည် မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်တို့၏ စစ်လက်နက်ပစ္စည်းများနှင့်အတူ လေ့ကျင့်မှုများပြုလုပ်ရန် တာဝေးသွား ဗုံးကြဲလေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်တင် သင်္ဘောဦးဆောင်သည့် တိုက်ခိုက်ရေးစစ်ရေ ယာဉ်စုများကို ဒေသတွင်း၌ တိုးမြှင့်ဖြန့်ကြက်မှုများ လုပ်ဆောင်ခဲ့သည်။

ယမန်နှစ် Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ်အတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယားရှိ ပစ်မှတ်များကို နျူကလီးယားလက်နက်ဖြင့် အလုံးစုံဖျက်ဆီးပစ်သည့် စစ်နည်းဗျူဟာအဖြစ် ပုံဖော်ထားသော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကမူ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင့်မှုများကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး ထိုလုပ်ဆောင်မှုများသည် အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။

Ref:AFP

                                             

 

 

Most Read

Most Recent