ဖိလစ်ပိုင်နှင့် ဂျပန်အကြား အရေးပါသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး

ဖိလစ်ပိုင်နှင့် ဂျပန်အကြား အရေးပါသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး
ဇူလိုင် ၈ ရက်က မနီလာမြို့ရှိ သမ္မတအိမ်တော်၌ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး တီယိုဒိုယို(ယာ)နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခါမိခါ၀ါ(ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
ဇူလိုင် ၈ ရက်က မနီလာမြို့ရှိ သမ္မတအိမ်တော်၌ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး တီယိုဒိုယို(ယာ)နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခါမိခါ၀ါ(ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(Photo:AFP)
Published 8 July 2024

တရုတ်၏ ရန်လိုမှုမြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်လျက်ရှိသော ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် တပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖြန့်ကြက်စေလွှတ်ခွင့်ပြုမည့် အရေးပါသော ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ဇူလိုင် ၈ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး မိနိုရုကိဟာရ၊ နိုင်ငံခြားရေးဝန်ကြီး ယိုကိုခါမိခါ၀ါနှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီယိုဒိုယို၊ နိုင်ငံခြားရေးဝန်ကြီး အင်နရီကေး မာနာလိုတို့ မနီလာမြို့၌ တွေ့ဆုံဆွေးနွေးစဉ်အတွင်း တပ်ဖွဲ့ဝင်များ အပြန်အလှန် စေလွှတ်ခွင့်ပြုရေး သဘောတူညီချက် (RAA) ကို အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ စတင်ဆွေးနွေးခဲ့သည့် ယင်းသဘောတူညီချက်အရ လေ့ကျင့်ရေးနှင့် အခြားသော မစ်ရှင်များအတွက် တပ်ဖွဲ့ဝင်များ အပြန်အလှန် စေလွှတ်နိုင်ရေးကို တရားဝင်ခွင့်ပြုသည့် အခြေခံ မူဘောင်ကို ဖန်တီးသွားမည်ဖြစ်သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး တီယိုဒိုယိုနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခါမိခါ၀ါတို့က မနီလာမြို့ရှိ သမ္မတအိမ်တော်၌ ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံစလုံး၏ လွှတ်တော်များက အတည်ပြုပြီးချိန်တွင် သဘောတူညီချက် စတင်အသက်ဝင်လာမည်ဖြစ်သည်။

နှစ်နိုင်ငံ ကာကွယ်ရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးနိုင်ခြင်းသည် စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းကို ထိန်းသိမ်းရန်၊ အင်ဒိုပစိဖိတ်ဒေသ အထူးသဖြင့် မိမိတို့ဒေသတွင်း၌ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် နှစ်နိုင်ငံကြိုးပမ်းအားထုတ်မှုများအတွက် နောက်ထပ်သမိုင်းမှတ် တိုင်တစ်ခုဖြစ်ကြောင်း တီယိုဒိုယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် အမေရိကန်၏ ကာလရှည် မဟာမိတ်များလည်းဖြစ်သည်။ အမေရိကန်သည် ဒေသတွင်း၌ တရုတ်၏စစ်ရေးအင်အားနှင့် သြဇာကြီးထွားလာမှုကို တန်ပြန်ရန် သြစတြေးလျ၊ ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် မဟာမိတ်ဆက်ဆံရေး ခိုင်မာအားကောင်းအောင် လုပ်ဆောင်လျက်ရှိသည်။

အမေရိကန်သည် အာရှ-ပစိဖိတ်ဒေသ၌ နေတိုးပုံစံ စစ်ရေးမဟာမိတ်အဖွဲ့ထူထောင်ရန် ကြိုးပမ်းနေသည်ဟု တရုတ်က စွပ်စွဲထားသည်။

တရုတ်က ထိုင်ဝမ်ကျွန်းနှင့် တောင်တရုတ်ပင်လယ်ဒေသတို့တွင် စစ်အင်အားပြ ခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် ဖိလစ်ပိုင်နှင့် ဂျပန်တို့က ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယမန်နှစ်က မနီလာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်၌ ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒနှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်တို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် နှစ်ဖက်တပ်ဖွဲ့ဝင်များကို အပြန်အလှန် ဖြန့်ကြက်ခွင့်ပြုမည့် ကာကွယ်ရေးသဘောတူညီချက် တစ်ရပ်အတွက် ဆွေးနွေးမှုများစတင်ရန် သဘော တူခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင်လုပ်ဆောင်ခဲ့သည်။

ဂျပန်အနေဖြင့် ကင်းလှည့်ရေယာဉ်များနှင့် ကာကွယ်ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ဖိလစ်ပိုင်၏ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေစိုးမိုးမှု ထိန်းသိမ်းရေးစွမ်းရည်များ တိုးတက်လာအောင် အကူအညီပေးသွားမည်ဖြစ်ကြောင်း ကိရှိဒက ၎င်းခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ယန်းသန်း ၆၀၀ (ဒေါ်လာလေးသန်း) တန်ကြေးရှိ လုံခြုံရေးအကူအညီပေးမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်က ဖိလစ်ပိုင်ကို ကမ်းရိုးတန်းဒေသစောင့်ကြည့်ရေး ရေဒါစနစ်ကို ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။ ကိရှိဒသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ဖိလစ်ပိုင်သို့ သွားရောက်သည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ်ဖြစ်သည်။

Ref:AFP                

Most Read

Most Recent