ရုရှား၏ ကာ့စ်ဒေသကို အမေရိကန်လုပ် glide bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ် ပြောကြား

ရုရှား၏ ကာ့စ်ဒေသကို အမေရိကန်လုပ် glide bomb များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ် ပြောကြား
အမေရိကန်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း GBU-39 glide bomb များကိုတွေ့ရစဉ်(Photo: US Air Force)
အမေရိကန်တွင်ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း GBU-39 glide bomb များကိုတွေ့ရစဉ်(Photo: US Air Force)
Published 24 August 2024

ရုရှား၏ ကာ့စ်ဒေသကို  ပစ်မှတ်အလွန် တိကျသည့် အမေရိကန်လုပ် glide bomb များဖြင့် တိုက်ခိုက်ခဲ့ပြီး ယူကရိန်း၏ ခါကိဗ်ဒေသတွင် ရုရှားတပ်များသိမ်းပိုက်ထားသည့် နယ်နိမိတ်အချို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ယူကရိန်းလေတပ်၏ တပ်မှူးဖြစ်သည့်  ဒုတိယဗိုလ်ချုပ်ကြီး မိုင်ကိုလာအိုလက်ချော့၏ သြဂုတ် ၂၃ ရက်ညပိုင်းတွင်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ကာ့စ်ဒေသရှိ ရုရှားတပ်စုတစ်စု၏ စစ်စခခန်းသည် လက်နက်ထိ မှန်ပေါက်ကွဲနေသည့် မြင်ကွင်းကို ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကို အမေရိကန်က ထောက်ပံ့ပေးခဲ့သည့် GBU-39 ဗုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရုရှားဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပစ္စည်းများထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း အိုလက်ချော့က ပြောကြား ခဲ့သည်။

ထိုဗီဒီယိုထဲတွင်  ရုရှားစစ်စခန်း၌ ပေါက်ကွဲမှုများနှင့် မီးခိုးများထွက်ပေါ်နေသည့်မြင်ကွင်းကို ဖော်ပြခဲ့သည်။

ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနေသည့် နိုင်ငံအများစုကမူ ၎င်းတို့ထောက်ပံ့ပေးသည့်လက်နက်များကို တိုက်ခိုက်ရေးအတွက် မဟုတ်ဘဲ ခုခံကာကွယ်ရေးအတွက်သာ အသုံးပြုရန်တိုက်တွန်းခဲ့သည်။

မည်သို့ပင်ဆိုစေ ယူကရိန်းကမူ ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်ရေးသည် ခုခံကာကွယ်ရေးအတွက် အဓိကကျပြီး ရုရှား၏နယ်စပ်ဒေသမှ ယူကရိန်းနယ်မြေများကို တိုက်ခိုက်မှုများကို လျှော့ချရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သည် ယူကရိန်းအား ရုရှားနယ်စပ်တွင် ပစ်မှတ်တိကျသည့် glide bomb များကဲ့သို့ တာတိုပစ် လက်နက်များကို  အသုံးပြုခွင့်ပေးထားကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် ယူကရိန်းအား ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် တာဝေးပစ် ATACMS ဒုံးကျည်များ အသုံးပြုမှုကို ကန့်သတ်ခဲ့သည်။

သြဂုတ် ၂၃ ရက်ကလည်း အမေရိကန် သမ္မတဂျိုးဘိုင်ဒင်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် စကားပြောဆိုခဲ့ပြီး ယူကရိန်းအတွက် အမေရိကန်၏ ထောက်ပံ့မှုများလျော့ပါးသွားမည်မဟုတ်ကြောင်း ပြော ဆိုခဲ့သည်။

ထို့ပြင် အမေရိကန်သည် ယူကရိန်းအတွက် ဒေါ်လာ ၁၂၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီသစ်ကို ထပ်မံထောက်ပံ့ပေးမည့် အကြောင်းကိုလည်း ဘိုင်ဒင်က ကြေညာခဲ့သည်။

ယူကရိန်း၏ လွတ်လပ်ရေးနေ့မတိုင်မီ တစ်ရက်အလိုဖြစ်သည့် သြဂုတ် ၂၃ ရက်တွင် ဘိုင်ဒင်နှင့် ဇယ်လန်စကီးတို့၏ တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုသည် အမေရိကန်က ရုရှား၏ ယူကရိန်းကျူးကျော်စစ်နှင့်ဆက်နွှယ်မှုရှိသည့် ရာနှင့်ချီသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပိတ်ဆို့မှုများကြေညာသည့်နေ့နှင့် တိုက်ဆိုင်နေသည်။

“ဒီနေ့မှာ ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်ကို ကြေညာရလို့ ကျွန်တော်ဂုဏ်ယူပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထိုစစ်ရေးအကူအညီသစ်ထဲတွင် ယူကရိန်း၏ အခြေခံအဆောက်အအုံများကို ကာကွယ်ရန်လေကြောင်းကာကွယ်ရေးဒုံးကျည်များ၊ ဒရုန်းဖျက်ပစ္စည်းကိရိယာများနှင့် ကျည်ကာဖျက်ဒုံးကျည်များးပါဝင်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။      

Ref: AP

Most Read

Most Recent