ရေနံဖိတ်စင်မည့်အန္တရာယ်ရှိနေသော ရေနံတင်သင်္ဘောကြောင့် ပင်လယ်နီ၌ ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ဟူရ်သီအဖွဲ့ ပြောကြား

ရေနံဖိတ်စင်မည့်အန္တရာယ်ရှိနေသော ရေနံတင်သင်္ဘောကြောင့် ပင်လယ်နီ၌ ယာယီအပစ်အခတ်ရပ်စဲထားမည်ဟု ဟူရ်သီအဖွဲ့ ပြောကြား
သြဂုတ် ၂၃ ရက်တွင် ဟူရ်သီ၏အန်ဆာရူလာမီဒီယာစင်တာက ထုတ်ပြန်ပေးသောပုံ၌ ဂရိ သင်္ဘောမီးလောင်နေပုံကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၃ ရက်တွင် ဟူရ်သီ၏အန်ဆာရူလာမီဒီယာစင်တာက ထုတ်ပြန်ပေးသောပုံ၌ ဂရိ သင်္ဘောမီးလောင်နေပုံကို တွေ့ရစဉ်(Photo: AFP)
Published 29 August 2024

ယီမင်၏ဟူရ်သီသူပုန်တို့က ပစ်မှတ်ထားခဲ့သော  ရေနံတင်သင်္ဘောဖြစ်ပြီး ယခုအခါ ရေနံဖိတ်စင်မှု အန္တရာယ်ရှိနေသော ဂရိရေနံတင်သင်္ဘောကို ဘေးကင်းအောင် လုပ်ဆောင်ရေးအတွက် ယင်းသူပုန်များက ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂရိပိုင် ဆိုယူနီယံရေနံတင်သင်္ဘာကို အီရန်ကျောထောက်နောက်ခံပေးထားသော ဟူရ်သီသူပုန်တို့က လွန်ခဲ့သော သီတင်းပတ်တွင် ဟိုဒေဒါကမ်းရိုးတန်းအလွန်၌ တိုက်ခိုက်ခဲ့သောကြောင့် ရေနံတင်သင်္ဘောပေါ်၌ မီးလောင်ခဲ့ရပြီး သင်္ဘောသားများကို ကယ်ထုတ်ခဲ့ရသည်။

“နိုင်ငံအချို့က အန်ဆာရူလာ(ဟူရ်သီ)ကို မေတ္တာရပ်ခံလာခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာရှိနေတဲ့ သင်္ဘောတွေကို ကယ်ဖို့နဲ့ ဆွဲသင်္ဘောတွေဝင်ရောက်ဖို့အတွက် ယာယီအပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာရပ်ခံလာတာဖြစ်ပါတယ်”ဟု အီရန်မစ်ရှင်ကပြောကြားခဲ့သည်။ ယင်းသို့ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များရှိနေပြီး မီးလောင်နေသည်ဟု ကိုးကားပြောဆိုခဲ့ကာ ဟူရ်သီ၏နာမည်ကွဲဖြစ်သော အန်ဆာရူလာကို ရည်ညွှန်းခဲ့သည်။

“အန်ဆာရူလာက အဲဒီမေတ္တာရပ်ခံချက်ကို လိုက်လျောခဲ့ပါတယ်”ဟု အီရန်မစ်ရှင်က ပြောကြားခဲ့သည်။ ဟူရ်သီ ပစ်မှတ်ထားခဲ့ခြင်းကြောင့် အန္တရာယ်ဖြစ်ရသည်ဆိုခြင်းထက် အကူအညီပေးရန် ပျက်ကွက်မှုနှင့် ပင်လယ်နီ၌ ရေနံဖိတ်စင်မှုကို တားဆီးရန် ပျက်ကွက်မှုတို့သည် နိုင်ငံအချို့၏ပေါ့ဆမှု ကြောင့်ဖြစ်ရသည့်အနေအထားဖြစ်လာမည်ဟု အီရန်မစ်ရှင်က ဖြည့်စွက်ပြောကြားခဲ့သည်။

ယီမင်သူပုန်များသည် ဂါဇာကမ်းမြောင်၌ အစ္စရေး-ဟားမာ့စ်စစ်ပွဲဖြစ်ပွားနေချိန်တွင် ပါလက်စတိုင်းသားများနှင့်တစ်သားတည်း ရှိကြောင်းပြသသည်ကို ရည်ရွယ်သည့်အနေဖြင့် ပင်လယ်နီနှင့်အေဒင်ပင်လယ်ကွေ့တို့ကို ဖြတ်သန်းသော အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်းကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

ဆိုယူနီယံသင်္ဘောသည် ရန်သူအစ္စရေးနှင့် ဆက်ဆံရေးရှိနေသော ကုမ္ပဏီက ပိုင်ဆိုင်သော သင်္ဘောဖြစ်ပြီး အဆိုပါသင်္ဘောကိုဒရုန်းများ၊ ဒုံးကျည်များဖြင့် တိကျစွာ တိုက်ရိုက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဟူရ်သီက ယခင်ကဖော်ပြခဲ့သည်။

ဆိုယူနီယံရေနံတင်သင်္ဘောသည် အီရတ်မှ ထွက်ခွာလာခဲ့ပြီး အေသင်အနီးရှိ ဆိပ်ကမ်းကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။ ရေနံတင်သင်္ဘောသည် ရေနံစိမ်းမက်ထရစ် တန် ၁၅၀, ၀၀၀ ကို တင်ဆောင်ထားသည်ဟု ဥရောပသမဂ္ဂ(အီးယူ)၏ပင်လယ်နီရေ ကြောင်းမစ်ရှင်ဖြစ်သော Aspides ၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါသင်္ဘောသည် ယခုအခါ  ရေ ကြောင်းဆိုင်ရာဘေးအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များရှိနေသော သင်္ဘောဖြစ်နေသည်ဟုအီးယူရေကြောင်းတပ်ဖွဲ့က လွန်ခဲ့သောသီတင်း ပတ်တွင် သတိပေးခဲ့သည်။ ကုန်သင်္ဘောများကို ဟူရ်သီသူပုန်တို့၏တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထဲတွင် အီးယူရေတပ်,တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဟူရ်သီသည် ဂါဇာတွင် စစ်ပွဲဖြစ်နေသမျှ ကာလပတ်လုံးတွင်လည်းကောင်း၊ အစ္စရေးအစိုးရကို ဦးတည်နေသော ရေနံတင် သင်္ဘောများကိုလည်းကောင်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ဆက်လက်လုပ်ဆောင်နေလိမ့်မည်ဟု အီရန်၏ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းသည် ယီမင်အခြေစိုက် ဟူရ်သီသူပုန်တို့ကို လက်ဦးမှုရယူတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းသို့တိုက်ခိုက်ရာတွင် ဟူရ်သီတို့၏ ဒုံးကျည်များကို ပစ်ခတ်ဖျက်ဆီးခဲ့သည့်တိုင် ဟူရ်သီသည် ပင်လယ်နီတွင် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောများကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။                        

Ref: AFP

Most Read

Most Recent