ကာမယ်လာ ဟားရစ်သည် ဂျူးဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း ဒေါ်နယ်ထရန့် စွပ်စွဲ

ကာမယ်လာ ဟားရစ်သည် ဂျူးဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း ဒေါ်နယ်ထရန့် စွပ်စွဲ
ဇူလိုင် ၂၆ ရက်က ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် ဘာသာရေးပွဲအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည့် ထရန့်ကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၂၆ ရက်က ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သည့် ဘာသာရေးပွဲအခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည့် ထရန့်ကို တွေ့ရစဉ်(Photo: AFP)
Published 27 July 2024

အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါ်နယ်ထရန့်က ၎င်း၏ ရွေးကောက်ပွဲပြိုင်ဘက်ဖြစ်သည့် ဒုတိယသမ္မတ ကာမယ်လာဟားရစ်ကို ဂျူးဆန့်ကျင်သူတစ်ဦးဖြစ်ကြောင်း မှားယွင်းစွပ်စွဲခဲ့သည်။

ထရန့်သည် ဇူလိုင် ၂၆ ရက်က ၎င်းအား ထောက်ခံသည့် ဘာသာရေးကိုင်းရှိုင်းသူများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ချိန်အတွင်း ဟားရစ်သည် မွေးကင်းစကလေးများကို သတ်ဖြတ်ခွင့်ပေးရန် အစီအစဉ်ရှိသူဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ဂျူးအမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုထားသည့် ဟားရစ်သည်ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် သမ္မတဂျိုးဘိုင်ဒင်၏နေရာတွင် အစားထိုးခံခဲ့ရပြီးကတည်းက လူထုသဘောဆန္ဒကောက်ယူမှုစစ်တမ်းများတွင် ထရမ့်ထက်လူထုထောက်ခံမှုနှုန်း အသာစီးရနေသည်။

ရီပတ်ဘလစ်ကန်သမ္မတဟောင်း ထရန့်သည် ဖလော်ရီဒါပြည်နယ်တောင်ပိုင်းရှိ ဘာသာရေးညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ချိန်တွင် ဟားရစ်၏အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က မှတ် တမ်းများကို ပြင်းထန်စွာဝေဖန်ထိုးနှက်သော်လည်း ၎င်း၏ ဝေဖန်ထိုးနှက်ချက်အများစုမှာ အမှန်တရားနှင့်ကင်းကွာနေပြီး သားပုပ်လေလွင့် စွပ်စွဲချက်များသာဖြစ်ခဲ့သည်။

ဟားရစ်သည် ဇူလိုင် ၂၄ ရက်က အမေရိကန်လွှတ်တော်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ မိန့်ခွန်းပြောကြားမှုကို မတက်ရောက်ခြင်းသည် ဂျူးဆန့်ကျင်သူဖြစ်ခြင်းကြောင့်ဖြစ်ကြောင်း ထရမ့်က အ ခြေအမြစ်မရှိဘဲ စွပ်စွဲခဲ့သည်။

သူက ဂျူးလူမျိုးတွေကို မကြိုက်ပါဘူး။ သူကအစ္စရေးကို မကြိုက်ပါဘူး။ အဲဒီပုံစံမျိုးနဲ့ပဲ ဆက်သွားပါလိမ့်မယ်။ သူပြောင်းလဲမှာ မဟုတ်ပါဘူး”ဟု ထရန့်က ပြောကြားခဲ့သည်။

ဇူလိုင် ၂၄ ရက်ကလည်း ထရန့်သည် မြောက်ကာရိုလိုင်းနားပြည်နယ်တွင် မိန့်ခွန်းပြောကြားခဲ့ချိန်က ဟားရစ်သည် ဂျူးဆန့်ကျင်သူ စစ်စစ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရားရေးဝန်ကြီးဌာနနှင့် ဖက်ဒရယ် စုံစမ်းထောက်လှမ်းရေးဗျူရို(FBI)တို့သည် ခရစ်ယာန်များနှင့် ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူအများအပြားကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဘာသာရေး ယုံကြည်ချက်အတွက် အကျဉ်းချနေကြောင်းထရန့်က အခြေအမြစ်မရှိဘဲစွပ်စွဲခဲ့သည်။

ဟားရစ်သည် ကိုယ်ဝန်ဖျက်ချမှုများ ဘက်မှရပ်တည်သူဖြစ်သောကြောင့် မွေးကင်းစကလေးများ သုတ်သင်ခြင်းကို လိုလားသူဖြစ်သည်ဟု ထရန့်က ဇူလိုင် ၂၄ ရက်ကပြု လုပ်ခဲ့သည့် မဲဆွယ်စည်းရုံးပွဲတွင် ပြောကြားခဲ့သည်။

“သူဟာ ကျွန်တော်တို့နိုင်ငံကို ဖျက်ဆီးမယ့် အစွန်းရောက်လက်ဝဲဝါဒီတစ်ဦး ဖြစ်ပါတယ်”ဟု ထရန့်က ဟားရစ်ကို ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် ထရန့်သည် နိုင်ငံရေးအရပေါက်ကွဲလွယ်သော ကိုယ်ဝန်ဖျက်ချမှုကိစ္စကိုလည်း ပြောကြားခဲ့သည်။ ဟားရစ်သည် မဲဆွယ်စည်းရုံးရေးပွဲများတွင် ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စကိုလည်းကောင်း၊ မိမိ၏ကိုယ်ပိုင်က လေးကိုထိန်းချုပ်ခွင့်အတွက် တိုက်ပွဲဝင်ခြင်းကိုလည်းကောင်း အလေးပေးဟောပြောခဲ့သည်။

ထို့ပြင် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်များသည် ဒီမိုကရေစီမဆန်သောနည်းဖြင့် ဘိုင်ဒင်ကို ရွေးကောက်ပွဲမှ ထုတ်ပစ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် လှောင်ပြောင်သရော်ခံနေရသည့် နိုင်ငံဖြစ်ခဲ့သည်ဟု ထရန့်က ပြောကြားခဲ့သည်။                   

Ref: AFP

Most Read

Most Recent