မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့ဖွယ်ရှိကြောင်း တောင်ကိုရီးယား ပြောကြား
ဇွန် ၂၆ ရက်က ဂျပန်ပင်လယ်ပေါ်တွင် မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်းထံမှ ထွက်လာသည်ဟု ယူဆရသည့် မီးခိုးတန်းကို တွေ့ရစဉ်(Photo-AFP)
ဇွန် ၂၆ ရက်က ဂျပန်ပင်လယ်ပေါ်တွင် မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တစ်စင်းထံမှ ထွက်လာသည်ဟု ယူဆရသည့် မီးခိုးတန်းကို တွေ့ရစဉ်(Photo-AFP)
Published 27 June 2024

မြောက်ကိုရီးယားသည် အသံထက်မြန်သည့် ဟိုက်ပါဆောနစ်အမျိုးအစား ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ဖွယ်ရှိကြောင်း၊ သို့သော် ထိုဒုံးကျည်သည် လေထဲမှာပင် ပေါက်ကွဲသွားခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ဇွန်၂၆ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်အိတ်များ တွဲချည်ထားသည့် မိုးပျံ ပူဖောင်းများကို လွှတ်တင်ခဲ့သဖြင့် တောင်ကိုရီးယား၏ အင်ချွမ်လေဆိပ်တွင် လေကြောင်းလိုင်းများကို သုံးနာရီကြာ ဆိုင်းငံ့ခဲ့ပြီးနောက် ဇွန် ၂၆ ရက် နံနက်အစောပိုင်းက အဆိုပါ ဒုံးကျည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ထိုဒုံးကျည်ကို ပြုံယမ်းမြို့တော်အနီးရှိ ဒေသတစ်ခုမှ နံနက် ၅ နာရီခွဲခန့်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနှင့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများ  ဖြစ်စဉ်အသေးစိတ်ကို စုုံစမ်းစစ်ဆေးနေ ကြောင်း JCS က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ဟိုပါဆောနစ်ဒုံးကျည်အမျိုးအစား ဖြစ်ဖွယ်ရသည့် ထိုဒုံးကျည်သည် ကီလိုမီတာ ၂၅၀ ခန့် ပျံသန်းခဲ့ပြီးနောက် ပျက်ကျသွားခဲ့သည်ဟု JCS က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒုံးကျည်မှ ထွက်လာသည့် မီးခိုးများသည် ပုံမှန်ထက် ပိုမိုများပြားနေသဖြင့်  ဒုံးအင်ဂျင်တွင် ပြဿနာရှိခဲ့ပုံပေါ်ကြောင်းနှင့် ထိုဒုံးကျည်သည် လောင်စာတောင့်သုံး ဒုံးကျည်ဖြစ်ဖွယ်ရှိကြောင်း တောင်ကိုရီးယား အရာရှိများက ပြောကြားခဲ့သည်။

ဂျပန်ကလည်း ထိုဒုံးကျည်ပစ်လွှတ်မှုကို အတည်ပြုခဲ့ပြီး ဒုံးကျည်သည် အရှေ့ပင်လယ်ဟုလည်း လူသိများသည့် ဂျပန်ပင်လယ်အတွင်းသို့ ပျက်ကျသွားခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

သင်္ဘောများအနေဖြင့် ထိုဒုံးကျည်၏ အပျက်အစီးများကို တွေ့ရှိပါက အနီးသို့ ချဉ်းကပ်ခြင်းမပြုရန်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့ထံ သတင်းပို့ရန် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ဇွန် ၂၄ ရက်နှင့် ၂၅ ရက်များတွင် အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့ပြီး ယင်းသည် နှစ်နိုင်ငံအကြား အပြန်အလှန်ဝါဒဖြန့်သည့် လှုပ်ရှားမှုများ၏ နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။

စက္ကူအမှိုက်များ အများဆုံးသယ်ဆောင်လာသည့် မိုးပျံပူဖောင်းများသည် အများပြည်သူ၏ ဘေးကင်းလုံခြုံရေးကို  အန္တရာယ်ရှိစေကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ထိုမိုးပျံပူဖောင်းများကြောင့် အင်ချွမ်နိုင်ငံတကာလေဆိပ်တွင် လေယာဉ်အဆင်း၊ အတက်များကို အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အင်ချွမ်လေဆိပ်မှ ပြည်တွင်းနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ၏ ဆိုက်ရောက်၊ ထွက်ခွာမှုများကို နံနက် ၁ နာရီ ၄၆ မိနစ်မှ နံနက် ၄ နာရီ ၄၃ မိနစ်အထိ ဆိုင်းငံ့ခဲ့ရကြောင်း လေဆိပ်က ထုတ်ပြန်ခဲ့သည်။

မကြာသေးမီက မြောက်ကိုရီးယားသည် အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယား နိုင်ငံအတွင်းသို့ လွှတ်တင်ခဲ့ပြီး တောင်ကိုရီးယားကလည်း နယ်စပ်ဒေသတွင် အသံချဲ့စက်များဖြင့် မြောက်ကိုရီး ယားဆန့်ကျင်သည့် ၀ါဒဖြန့်မှုများကို ပြန်လည်ထုတ်လွှင့်ခဲ့သည်။                

Ref:AFP

Most Read

Most Recent