တရားမဝင်အိမ်ထောင်ပြုမှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအား ချမှတ်ထားသည့်ထောင်ဒဏ်ကို ဆိုင်းငံ့ပေးရန် အယူခံဝင်မှု တရားရုံးက ငြင်းပယ်

တရားမဝင်အိမ်ထောင်ပြုမှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအား ချမှတ်ထားသည့်ထောင်ဒဏ်ကို ဆိုင်းငံ့ပေးရန် အယူခံဝင်မှု တရားရုံးက ငြင်းပယ်
ဇွန် ၂၄ ရက်က အစ္စလာမ်မာဘက်တရားရုံးအပြင်ဘက်တွင် ခန်းနှင့် ၎င်း၏ဇနီးသည်ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသည့် ဆန္ဒပြသူများကို တွေ့ရစဉ်(Photo:AFP)
ဇွန် ၂၄ ရက်က အစ္စလာမ်မာဘက်တရားရုံးအပြင်ဘက်တွင် ခန်းနှင့် ၎င်း၏ဇနီးသည်ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသည့် ဆန္ဒပြသူများကို တွေ့ရစဉ်(Photo:AFP)
Published 28 June 2024

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့် ၎င်း၏ဇနီးသည်တို့၏ အိမ်ထောင်ပြုမှုသည် အစ္စလာမ်မစ်တရားဥပဒေအရ တရားမဝင်ကြောင်းဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကာ ထိုပြစ်ဒဏ်များအား ဆိုင်းငံ့ပေးရန် အယူခံဝင်မှုကို  အစ္စလာမ်မာဘက်တရားရုံးက ဇွန် ၂၇ ရက်တွင် ငြင်းဆိုခဲ့ သည်။

ခန်းသည် ၂၀၂၂ ခုနှစ် ဧပြီလက ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးကတည်းက တရားရေးဆိုင်ရာ အမှုအခင်းပေါင်း ၂၀၀ ကျော်နှင့် ရင်ဆိုင်ခဲ့ရသည်။

အသက် ၇၁ နှစ်အရွယ်ခန်းနှင့် ၎င်း၏ ဇနီးသည် ဘူရှရာဘီဘီတို့၏ အိမ်ထောင်ပြုမှုသည် အစ္စလာမ်မစ်ဥပဒေ အရ တရားမဝင်ကြောင်း ဆုံးဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီလအတွင်း ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရသည်။

ဘီဘီသည် ယခင်အိမ်ထောင်ဖြင့် ကွာရှင်းခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ခန်းနှင့် လက်ထပ်ခဲ့ခြင်းကြောင်း ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အစ္စလာမ်မစ်ဥပဒေအရ ခင်ပွန်းကွယ်လွန်သွားသည့် မုဆိုးမ သို့မဟုတ် ခင်ပွန်းနှင့် ကွာရှင်းထားသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ၎င်းတွင် ကိုယ်ဝန်လွယ်ထားရခြင်းရှိ၊ မရှိနှင့် ကိုယ်ဝန်ရှိခဲ့မည်ဆိုပါက ထိုသန္ဓေသား ၏ ဖခင်သည် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းတိကျစွာသိရှိစေရန် သုံးလစောင့်ပြီးမှ နောက်အိမ်ထောင်ပြု ရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အစ္စလာမ်မာဘက်ခရိုင်တရားရုံးတွင် တရားသူကြီးသည် ခန်းနှင့် ၎င်း၏ ဇနီးသည်တို့၏ ပြစ်ဒဏ်များကို ဆိုင်းငံ့ပေးရန် အယူခံဝင်မှုကို ရွှေ့ဆိုင်းခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ခန်းသည် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော်လည်း ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပြီးနောက် လွှတ်တော်တွင် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုဖြင့် ဖြုတ်ချခံခဲ့ရကာ ပြီး ခဲ့သည့်နှစ်သြဂုတ်လကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ခန်းသည် အဂတိလိုက်စားမှုစွဲချက်ဖြင့် ထောင်ဒဏ် ၁၄ နှစ် ထပ်မံချမှတ်ခံခဲ့ရသော်လည်း ဧပြီလထဲတွင် ထိုပြစ်ဒဏ်ကို ပါကစ္စတန်အထက်တရားရုံးက ဆိုင်းင့ံပေးခဲ့သည်။

ထို့ပြင် ခန်းသည် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနှင့် ဆက်နွှယ်သည့် အမှုတစ်ခုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသော်လည်း ထိုုပြစ်ဒဏ်ကို တရားရုံးက ယခုလအတွင်း ပယ်ဖျက်ပေးခဲ့သည့် တိုင်သူသည် တရားမဝင်လက်ထပ်မှု ပြစ်ဒဏ်ဖြင့် အဒီယာလာအကျဉ်းထောင်မှာပင် ရှိနေဆဲဖြစ်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရှစ်ဖ်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ရာနာဆာ နူလာကမူ အစိုးရအနေဖြင့် ခန်းကို ထောင်ထဲတွင် ဖြစ်နိုင်သလောက် ဆက်လက်ထားရှိရန် ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ခန်း၏ တရားရေးအမှုအခင်းများ၏ နောက်ကွယ်တွင် နိုင်ငံကို ဆယ်စုနှစ်များစွာ ကြာအုပ်ချုပ်ခဲ့ပြီး ကြီးမားသည့်အာဏာကို ကိုင်ဆောင်ထားဆဲဖြစ်သည့် ပါကစ္စတန်၏ သြဇာကြီးမားသည့် စစ်တပ်ရှိနေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ခန်းသည် ရာထူးမှဖယ်ရှားခံခဲ့ရပြီးနောက် အတိုက်အခံတစ်ဦးအဖြစ် မဲဆွယ်စည်းရုံးမှုများပြုလုပ်ခဲ့ကာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလက မဲဆွယ်ပွဲအတွင်း ၎င်းအား သေနတ်ဖြင့်ပစ်ခဲ့သည့် လုပ်ကြံရန်ကြိုးပမ်းမှုကို အစိုး ရထိပ်သီးအရာရှိများက ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

Ref:AFP

Most Read

Most Recent