အိန္ဒိယဝန်ကြီးချုပ်မိုဒီက ၎င်း၏ညွန့်ပေါင်းအစိုးရသစ်ကို ထုတ်ဖော်ကြေညာ

အိန္ဒိယဝန်ကြီးချုပ်မိုဒီက ၎င်း၏ညွန့်ပေါင်းအစိုးရသစ်ကို ထုတ်ဖော်ကြေညာ
ဇွန် ၁၀ ရက်က အိန္ဒိယအစိုးရသစ်၏ ပထမဆုံးအစည်းအဝေးကို ဝန်ကြီးချုပ်နရင်ဒရာမိုဒီ ဦးဆောင်ကျင်းပနေစဉ်(Photo: AFP)
ဇွန် ၁၀ ရက်က အိန္ဒိယအစိုးရသစ်၏ ပထမဆုံးအစည်းအဝေးကို ဝန်ကြီးချုပ်နရင်ဒရာမိုဒီ ဦးဆောင်ကျင်းပနေစဉ်(Photo: AFP)
Published 11 June 2024

အာဏာရ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာယာတီယာဂျနာတာ(BJP)ပါတီသည် အံ့အားသင့်ဖွယ် ရွေးကောက်ပွဲရလဒ်အဖြစ် လွှတ်တော်၌ အမတ်နေရာအများစု ရရှိထားမှုကို လက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဇွန် ၁၀ ရက်တွင် ၎င်း၏အစိုးရသစ်ကို ကြေညာခဲ့ပြီး အရေးပါသော ဝန်ကြီးဌာနများကို ၎င်း၏ပါတီမှ ထိပ်တန်းဝန်ကြီးများက ဆက်လက်ရယူခဲ့သည်။

အဓိကဝန်ကြီးဌာန လေးခုတွင် အပြောင်းအလဲမရှိဘဲ ပြီးခဲ့သည့် ငါးနှစ်အတွင်း အိန္ဒိယ၏နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်၍ ဦးဆောင်ခဲ့သည့် ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်ပြန်လည် ခန့်အပ်ခဲ့သည်။ ထို့အတူ အာမစ်ရှားက ပြည်ထဲရေးဝန်ကြီး၊ နီယာမာလာ ဆီသာရာမန်က ဘဏ္ဍာရေးဝန်ကြီး၊ ရာနက်သ်ဆင်းက ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်သည်။

အဆင့်ခုနစ်ဆင့်ဖြင့် သီတင်းပတ် ခြောက်ပတ်ကြာကျင်းပခဲ့သည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲ၏ တရားဝင် မဲရလဒ်များကို ဇွန် ၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် BJP ပါတီက အမတ်နေရာ ၂၄၀ သာ ရရှိခဲ့ခြင်းကြောင့် တစ်ပါတီတည်းက အောက်လွှတ်တော်၏ အမတ်နေရာအများစုကို ထိန်းချုပ်နိုင်ရန် လိုအပ်သည့် အမတ်နေရာ ၂၇၂ နေရာကို ပြည့်မီခဲ့ခြင်းမရှိပေ။

သို့သော် BJP နှင့် အခြားမဟာမိတ်ပါတီများ ပူးပေါင်းထားသည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်ညွန့်ပေါင်းအဖွဲ့(NDA)သည် အမတ်နေရာ ၅၄၃ နေရာရှိသော အောက်လွှတ်တော်တွင် စုစုပေါင်း ၂၉၃ နေရာ ရရှိခဲ့ခြင်းကြောင့် အစိုးရဖွဲ့ရန် လုံလောက်သည့် အရေအတွက်ကိုရရှိခဲ့သည်။ ၎င်းညွန့်ပေါင်း အဖွဲ့ကမိုဒီကို ၎င်းတို့၏ခေါင်းဆောင်အဖြစ် တညီတညွတ်တည်းတင်မြှောက်ခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မိုဒီ၏ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာယာတီယာဂျနာတာ(BJP)ပါတီသည် လွှတ်တော်၌ အမတ်နေရာအများစုကို ထိန်းချုပ်ထားခဲ့ပြီး BJP ပါတီအနေဖြင့် အစိုးရဖွဲ့ရန် ဒေသခံ မ ဟာမိတ်ပါတီများ၏ ထောက်ခံမှုကို လိုအပ်ခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

၂၀၁၄ နှင့် ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် BJP ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

၇၃ နှစ်အရွယ် မိုဒီသည် ဂျဝါဟာလာနေရူးနောက်ပိုင်း ဝန်ကြီးချုပ်ရာထူးကို သက်တမ်းသုံးကြိမ်ဆက် ရယူနိုင်သည့် ဒုတိယမြောက် အိန္ဒိယခေါင်းဆောင်ဖြစ်လာခဲ့သည်။ 

ဇွန် ၉ ရက်က မိုဒီနှင့်၎င်း၏အစိုးရအဖွဲ့မှ ဝန်ကြီး ၇၁ ဦးသည် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အစိုးရဝန်ကြီး ၇၁ ဦးအနက် ၆၁ ဦးသည် BJP ပါတီမှဖြစ်ပြီး ကျန်ဝန်ကြီးများမှာ BJP ၏ မဟာမိတ်ပါတီများမှဖြစ်သည်။

မိုဒီ၏ အစိုးရအဖွဲ့သစ်တွင် အမျိုးသမီးခုနစ်ဦးသာ ပါဝင်ခဲ့ပြီး အိန္ဒိယရှိလူနည်းစုဘာ သာဝင်များအနက် လူဦးရေအများဆုံးဖြစ်သည့် မွတ်စလင်အသိုင်းအဝိုင်းမှ လုံးဝပါဝင်ခဲ့ခြင်းမရှိပေ။

ရွေးကောက်ပွဲတွင် BJP ပါတီ အပြတ်အသတ် အနိုင်ရမည်ဟူသော ခန့်မှန်းချက်များကို လွဲချော်စေသည့် မဲရလဒ်များကြောင့် မိုဒီ၏ ညွန့်ပေါင်းအစိုးရသည် အာဏာဆက်လက်ရယူနိုင်ရန်အတွက် နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှ တီလူဂူဒီဆမ် ပါတီ၊ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ဂျနာတာ ဒါးလ် ပါတီတို့အပေါ် အဓိကမှီခိုခဲ့ရသည်။ ဇွန် ၉ ရက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားတွင် ၎င်းပါတီနှစ်ပါတီမှ အမတ်နှစ်ဦးက အစိုးရဝန်ကြီးများအဖြစ် ကျမ်းကျိန်ခဲ့သည်။

 ဟိန္ဒူအမျိုးသားရေးဝါဒီဟု အတိအလင်းပြောဆိုထားသည့် မိုဒိသည် အိန္ဒိယလူဦးရေ၏ ၈၀ ရာခိုင်နှုန်းရှိသည့် လူများစုဟိန္ဒူ ဘာသာဝင်များကို ရပ်တည်ကာကွယ်သူအဖြစ် ၎င်းကိုထောက်ခံသူများက ယူဆလျက်ရှိသည်။                           

Ref: AP

Most Read

Most Recent