စိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ ပေါင်ဆရီတို့၏တွဲဆိုင်းကို ONE Friday Fight 69 ပြိုင်ပွဲ၏ ပွဲစဉ်(၆) တွင် ထည့်သွင်းထား

စိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ ပေါင်ဆရီတို့၏တွဲဆိုင်းကို ONE Friday Fight 69 ပြိုင်ပွဲ၏ ပွဲစဉ်(၆) တွင် ထည့်သွင်းထား
Photo: ONE
Photo: ONE
Published 1 July 2024

မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် စိုးလင်းဦးနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပေါင်ဆရီတို့ ယှဉ်ပြိုင်ထိုးသတ်မည့်တွဲဆိုင်းကို ONE Friday Fight 69 ပြိုင်ပွဲ၏ ပွဲစဉ်(၆) တွင် ထည့်သွင်းထားကြောင်း သိရသည်။

ONE Friday Fight 69 ပြိုင်ပွဲကို လာမည့်ဇူလိုင် ၅ ရက်(သောကြာနေ့) တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းထားကြောင်း သိရသည်။

ယင်းတွဲဆိုင်းများတွင် စိုးလင်းဦးနှင့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပေါင်ဆရီတို့ ယှဉ်ပြိုင်ထိုးသတ်မည့်တွဲဆိုင်းမှာ ပွဲစဉ်(၆) တွင် ပါဝင်နေသောကြောင့် မြန်မာ့ရိုးရာလက်ဝှေ့ ပရိသတ်များအနေဖြင့် ယင်းနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲဝန်းကျင်တွင် ကြည့်ရှုရဖွယ်ရှိနေသည်။

စိုးလင်းဦးသည် ယင်းပွဲထိုးသတ်ရန် ပြီးခဲ့သည့် ဇွန် ၃၀ ရက်ကတည်းက ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီဖြစ်ပြီး လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

စိုးလင်းဦးနှင့် မွေထိုင်းဖိုက်တာ ပေါင်ဆရီတို့သည် ပြိုင်ဘက်ဟောင်းများဖြစ်ကြပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီအတွင်း မုဒုံမြို့၌ ကျင်းပသည့် ဝင်းစိန်တောရမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး ထိုစဉ်က သရေကျခဲ့သည်။

ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပေါင်ဆရီသည် လက်ရှိအချိန်အထိ မွေထိုင်းပွဲ ၂၀၀ ကျော်ထိုးသတ်ထားရာ ၁၅၉ ပွဲနိုင်၊ ၁၁ ပွဲသရေ၊ ၃၉ ပွဲရှုံး ရလဒ်ရှိထားသူဖြစ်သည်။

ပေါင်ဆရီသည် ထိုင်းနိုင်ငံ၏ မွေထိုင်းလောကတွင် နာမည်ကျော် အထင်ကရဖိုက်တာတစ်ဦးဖြစ်ပြီး ယခုပွဲမတိုင်မီ ထိုင်းပရိသတ်များက ပေါင်ဆရီ နှင့် စိုးလင်းဦးတွဲဆိုင်းကို တွေ့ဆုံခွင့်ရရန် တောင်းဆိုထားခဲ့ကြကြောင်း သိရသည်။

ပေါင်ဆရီသည် ONE Championship နှင့် လက်တွဲ၍  ONE Friday Fight  ပြိုင်ပွဲတွင် ငါးပွဲထိုးသတ်ထားပြီး သုံးပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

ပေါင်ဆရီသည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာအတွင်းက ကျင်းပသည့် ONE Friday Fight 35 ပြိုင်ပွဲတွင် ရုရှားဖိုက်တာ ခီမရန်နာဘာတီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ရုရှားဖိုက်တာ ခီမရန်နာဘာတီမှာ ပြီးခဲ့သည့်တစ်ပတ်က ကျင်းပသည့် ONE Friday Fight 68 ပြိုင်ပွဲတွင် ကရင်လူမျိုး ထိုင်းဖိုက်တာ ဆူရာဘလက်ကို ပထမအချီမှာတင် အလဲထိုးအနိုင်ယူထားသူဖြစ်သည်။

စိုးလင်းဦးသည် ONE Championship နှင့် လက်တွဲ၍  ONE Friday Fight ပြိုင်ပွဲတွင် နှစ်ပွဲသာ ထိုးသတ်ရသေးပြီး နှစ်ပွဲစလုံးကို အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

စိုးလင်းဦးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်း ကျင်းပခဲ့သည့် ONE Friday Fight 52 ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ  ဆူဟာရှိကို တတိယအချီတွင်လည်းကောင်း၊ မတ်လအတွင်းက ကျင်းပသည့် ONE Friday Fight ၅၇ ပြိုင်ပွဲတွင် ပေါ်တူဂီဖိုက်တာ ဖာဘီယိုရီးယက်ဇ်ကိုဒုတိယအချီတွင်လည်းကောင်း အလဲထိုးဖြင့် အနိုင်ရထားသည်။

Most Read

Most Recent