ပါလက်စတိုုင်းပြည်သူများ စစ်ဘေးရှောင်ကြရန် ညွှန်ကြားခဲ့ပြီးနောက် အစ္စရေးက ဂါဇာတောင်ပိုင်း ခန်းယူနစ်တစ်ဝိုက်ကို တိုက်ခိုက်မှုများ လုပ်ဆောင်

ပါလက်စတိုုင်းပြည်သူများ စစ်ဘေးရှောင်ကြရန် ညွှန်ကြားခဲ့ပြီးနောက် အစ္စရေးက ဂါဇာတောင်ပိုင်း ခန်းယူနစ်တစ်ဝိုက်ကို တိုက်ခိုက်မှုများ လုပ်ဆောင်
ခန်းယူနစ်မှ စစ်ဘေးရှောင်လာသော ပါလက်စတိုင်းသားများကို ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ခန်းယူနစ်မှ စစ်ဘေးရှောင်လာသော ပါလက်စတိုင်းသားများကို ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 2 July 2024

ဇူလိုင် ၁ ရက်တွင် အစ္စရေးက ဂါဇာတောင်ပိုင်းကို လောလောလတ်လတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ လူနေထူထပ်သောဧရိယာအချို့တွင် နေထိုင်သူများစစ်ဘေးရှောင်ကြရန် အစ္စရေးစစ်တပ်က ထပ်မံ ညွှန်ကြားခဲ့ပြီးနောက် ပါလက်စတိုင်းသား ရာပေါင်းများစွာ ထွက်ပြေးခဲ့ကြရသည်။

ခန်းယူနစ်မြို့၏အနီးတစ်ဝိုက်တွင်တိုက်ခိုက်မှုအများအပြားရှိခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း လူရှစ်ဦးသေဆုံးခဲ့ကာ လူ ၃၀ ကျော်ဒဏ်ရာရခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များနှင့် ပါလက်စတိုင်းကြက်ခြေနီအဖွဲ့တို့က ပြောကြားခဲ့သည်။

ဟားမာ့စ်နှင့်အတူ ယှဉ်တွဲတိုက်ပေးနေသော အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုက ဒုံးကျည်အတွဲ လိုက်ပစ်ခတ်ခြင်းကို ရှားရှားပါးပါးလုပ်ဆောင်ခဲ့ပြီးနောက် ခန်းယူနစ်တစ်ဝိုက်၌ အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“ဒုံးကျည်တွေဟာ ဂါဇာနယ်စပ်အနီးမှာရှိတဲ့ အစ္စရေးမြို့ရွာတွေကို ရည်ရွယ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ပါလက်စတိုင်း ပြည်သူတွေကိုကျူးလွန်နေတဲ့အစ္စရေးရဲ့ ရာဇဝတ်မှုတွေအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်”ဟု လက်နက်ကိုင် အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ခွဲဖြစ်သော အယ်လ်-ကွပ်တပ်ရင်းက ပြောကြားခဲ့သည်။

ခန်းယူနစ်ဘက်မှလာသော ဒုံးကျည်အရေအတွက်သည် ၂၀ ခန့်ရှိသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အဆိုပါ ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချခဲ့သည်ဟုဆိုသည်။ ထိခိုက်သေဆုံးမှုမရှိဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီးဒုံးကျည်ပစ်ခတ်သည့်နေရာကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုစစ်ဘေးရှောင်ရန် ညွှန်ကြားမှုသည် အယ်လ်ကာရာရာ၊ ဘာနီဆူဟိုင်လာ၊ ရာဖာ နှင့်ခန်းယူနစ်တို့တွင်ရှိသော အခြားမြို့ငယ်များမှ လူများပြောင်းရွှေကြရန် အမိန့်ပေးခဲ့ပြီးနောက် ဇူလိုင် ၂ ရက်တွင် အစ္စရေးစစ်တပ်က စစ်ဘေးရှောင်ခိုင်းခြင်းဖြစ်သည်။

အစ္စရေးက ရာဖာတွင် မြေပြင်ထိုးစစ်မဆင်မီ ပြည်သူတစ်သန်းကျော်သည် ဂါဇာတောင်ဘက်ဖျားရှိ ရာဖာကို စစ်ဘေးရှောင်ခဲ့ရသည်။

“စစ်ဘေးရှောင် အမိန့်ကြောင့် စိုးရိမ်ပူပန်တာတွေနဲ့ အလွန်စိုးရိမ်တာတွေဖြစ်နေပါတယ်။ လူအများကြီး စစ်ဘေးရှောင်ကြရတာဖြစ်ပါတယ်”ဟု ဘာနီဆူဟိုင်လာနယ်ခံဖြစ်သော အာမက်နာဂျားက ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်၏အခြားသော နေရာများသည် ကိုးလနီးပါးရှိလာပြီဖြစ်သော ပြင်းထန်စစ်ပွဲဒဏ်ကြောင့် အခြေအနေဆိုးရွားလျက်ရှိသည်။

ရာဖာတောင်ပိုင်းဧရိယာနှင့် အလယ်ပိုင်း နူဆေးရတ်ဒုက္ခသည်စခန်းတို့တွင် အစ္စ ရေးလေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်ဟု မျက်မြင်တွေ့သူများနှင့် မြို့ပြကာကွယ်ရေးအေဂျင်စီတို့က ပြောကြားခဲ့သည်။

ဂါဇာစီးတီး၏ ရှူဂျိုင်ယာခရိုင်၌ ဇူလိုင် ၁ ရက်တွင်ပဥ္စမမြောက်နေ့အဖြစ်ပြင်းထန် သောတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု မျက်မြင်တွေ့သူများက ပြောကြားခဲ့ပြီး အစ္စရေးတင့်ကားများက တိုက်ခိုက်နေခြင်း ဖြစ်သည်ဟုဆိုသည်။

အစ္စရေးရဟတ်ယာဉ်များသည် ရှူဂျိုင်ယာရှိ အိမ်များကို ပစ်ခတ်နေသည်ဟု အေ အက်ဖ်ပီသတင်းထောက်ကပြောသည်။ဟားမာ့စ်အဖွဲ့ခွဲအယ်လ်-ကာဆမ်တပ်ရင်းကလည်း ရာဖာနှင့် ရှူဂျိုင်ယာတို့တွင် တိုက်ခိုက်နေသည်ဟု ဆိုသည်။           

Ref: AFP

Most Read

Most Recent