အထောက်အထားမဲ့ရွှေ့ပြောင်းများကို တင်းကျပ်စွာကိုင်တွယ်နေသည့် မလေးရှားအာဏာပိုင်များ၏ လုပ်ဆောင်မှုများကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေ

အထောက်အထားမဲ့ရွှေ့ပြောင်းများကို တင်းကျပ်စွာကိုင်တွယ်နေသည့် မလေးရှားအာဏာပိုင်များ၏ လုပ်ဆောင်မှုများကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေ
Published 7 June 2024

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်အတွင်းသို့ အထောက်အထားမဲ့ရွှေ့ပြောင်းများ ဝင်ရောက်မှုကို တားဆီးရန် အားထုတ်ကြိုးပမ်းမှုတစ်ခုအဖြစ် ကွာလာလမ်ပူမြို့တော်အတွင်းနှင့် အနီးတစ်ဝိုက်တွင် တရားမဝင် အခြေချနေထိုင်မှုများကို မလေးရှားအာဏာပိုင်များက တင်းကျပ်စွာကိုင်တွယ်ဖြေရှင်းနေမှုအပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။

လာမည့်နှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူမည့် မလေးရှားနိုင်ငံအနေဖြင့် ဒုုက္ခသည်အသိုင်းအဝိုင်းအတွက် ယခုထက်ပိုပြီး အလေးထားလုပ်ဆောင်နိုင်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က ပြောကြားခဲ့သည်။

“အနာဂတ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားရဲ့ ခေါင်းဆောင်မှုအပိုင်းဟာ အရမ်းကို အရေးကြီးပါလိမ့်မယ်။ အစိုးရအနေနဲ့  ဒုက္ခသည်တွေရဲ့ တရားဝင်အခြေအနေကို ခိုင်မာစေဖို့နဲ့ သူတို့ကို အလုပ်လုပ်ကိုင်ခွင့်၊ တရားဝင်ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားအခြေခံဝန်ဆောင်မှုတွေ ရရှိစေဖို့ ပြည့်စုံကျယ်ပြန့်တဲ့ ဒုက္ခသည်ကာကွယ်ရေးစနစ်တစ်ခုကို ချမှတ်ကျင့်သုံးဖို့လည်း အရေးကြီးပါလိမ့်မယ်” ဟု တာ့ခ်က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်စုစုပေါင်း ၁၈၈၂၀၀ ရှိသည်ဟု ယခုနှစ်ဧပြီလက ကုလသမဂ္ဂဒုက္ခသည်များကော်မရှင် (UNHCR) က စာရင်းပြုစုခဲ့သည်။

၎င်းတို့အနက် ၈၇ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဘင်္ဂါလီများ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုဖော်ပြ) ဖြစ်သည်။

မေ ၂၈ ရက်က ကွာလာလမ်ပူမြို့တော်တွင် သေနတ်များ ကိုင်ဆောင်ထားသည့် အရာရှိအချို့အပါအဝင် အရာရှိ ၁၀၀ ကျော်သည် မြို့တော်အနီးတစ်ဝိုက်တွင် တရားမဝင်အခြေချနေထိုင်သည့် မိသားစုပေါင်း ၃၀ ခန့် ကို ဖယ်ရှားခဲ့သည်ဟု ထိုအရာရှိများနှင့်အတူ လိုက်ပါသတင်းရယူခဲ့သည့် CAN သတင်းအဖွဲ့က ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည် ၅၂၂၀၀ ကျော်သည် အသက် ၁၈ နှစ်အောက် ဆယ်ကျော်သက်အရွယ်များဖြစ်သည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေး ထောက်ပံ့မှုများပေးရန်လည်း တရားဝင်တာဝန်နှင့် လုပ်ထုံးလုပ်နည်းများအောက်တွင် မရှိပေ။

လူ့အခွင့်အရေးအဖွဲ့များကလည်း မလေးရှားနိုင်ငံတွင် ဒုက္ခသည်များအရေးကို ဖြေရှင်းရန်အတွက် တရားဝင်မူဘောင်မရှိကြောင်း ပြောကြားခဲ့သည်။

တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များအရ မလေးရှားတွင် အထောက်အထားရှိသည့် ရွှေ့ပြောင်းလုပ်သားများ၏ အရေအတွက်သည် နိုင်ငံ့လုပ်သားအင်အားစု၏ ၁၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

ထိုပမာဏအရ အထောက်အထားမရှိသည့် ရွှေ့ပြောင်းလုပ်သားအင်အားနှင့် ပေါင်းမည်ဆိုပါက မလေးရှားတွင် ရွှေ့ပြောင်းလုပ်သားအရေအတွက် ၅ ဒသမ ၅ သန်းခန့်ရှိနိုင်သည်ဟု တရားမဝင်ခန့်မှန်းချက်များ ထွက်ပေါ်လျက်ရှိသည်။              

Most Read

Most Recent