ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်

ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်
မေ ၃၀ ရက်က ဆိုးလ်မြို့ ဘူတာရုံတစ်ရုံရှိ ရုပ်သံဖန်သားပြင်တွင် မြောက်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအကြောင်း  ပြသနေစဉ်(Photo: AFP)
မေ ၃၀ ရက်က ဆိုးလ်မြို့ ဘူတာရုံတစ်ရုံရှိ ရုပ်သံဖန်သားပြင်တွင် မြောက်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအကြောင်း  ပြသနေစဉ်(Photo: AFP)
Published 30 May 2024

မေ ၃၀ ရက် အစောပိုင်းက မြောက်ကိုရီးယားသည် တာတိုပစ်ပဲ့ထိန်းဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားကို ဒဏ်ခတ်သည့်အနေဖြင့် မြောက်ကိုရီးယားက နယ်စပ်ကိုဖြတ်၍ အမှိုက်များအပြည့်ထည့်ထားသော ရာနှင့်ချီသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်ခြမ်းသို့ ပစ်လွှတ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ရေ ပြင်နယ်နိမိတ်ထဲသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည် ၁၀ စင်းခန့် ပစ်လွှတ်ခဲ့သည်ကို တွေ့ရှိရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS) က ပြောကြားခဲ့သည်။

ယင်းဒုံးကျည်များသည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၃၅၀ ခန့် ရောက်ရှိခဲ့ပြီး အဆိုပါ ဒုံးကျည်စမ်းသပ်မှုအပေါ် အမေရိကန်၊ ဂျပန်တို့နှင့်အတူ လေ့လာအကဲဖြတ်မှုများ လုပ်ဆောင်နေသည်ဟုလည်း JCS က ဆိုသည်။

ယင်းသို့ဒုံးကျည်စမ်းသပ်မှုသည် ကိုရီးယားကျွန်းဆွယ်၏ တည်ငြိမ်အေးချမ်းမှုကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေသည့် ရန်စမှုဖြစ်သည်ဟုလည်း တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖုမိယိုကိရှိဒနှင့် ဂျပန်ကမ်းခြေစောင့်တပ်ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုကို အတည်ပြုခဲ့ပြီးထပ်မံရရှိသည့် အချက်အလက်များကို စစ်ဆေးနေသည်ဟု ဆိုသည်။

မေ ၂၉ ရက်က မြောက်ကိုရီးယားသည် အမှိုက်များ၊ သန့်စင်ခန်းတွင် အသုံးပြုထားသည့် စက္ကူများနှင့် တိရစ္ဆာန်မစင်ဟု ယူဆရသည့် အညစ်အကြေးများအပြည့်ထည့်ထားသော မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ ပစ်လွှတ်ခဲ့ပြီးနောက် ယင်းသည်ယုတ်ညံ့သောလုပ်ရပ်ဖြစ်သည်ဟု တောင်ကို ရီးယားစစ်တပ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ခေါင်းဆောင်ကင်ဂျုံ အွန်၏ညီမဖြစ်ပြီး မြောက်ကိုရီးယား၏ သြဇာကြီးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည့် ကင်ယိုဂျုံက တောင်ကိုရီးယား၏ ဝေဖန်မှုကိုတန်ပြန်ဝေဖန်ခဲ့ပြီး ယင်းသို့ ထပ်မံလုပ်ဆောင်သွားမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားက ကမ္ဘာပတ်လမ်းထဲသို့ ထောက်လှမ်းရေးဂြိုဟ်တု ထပ်မံလွှတ်တင်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက်တွင် ပဲ့ထိန်းဒုံးကျည်အများအပြား စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

မေ ၂၇ ရက်က မြောက်ကိုရီးယား၏  ဒုတိယမြောက်ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်သည် လွှတ်တင်ပြီးမကြာမီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်းရှိ ပင်မအာကာသစခန်းမှ Malligyong-1-1 ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်အသစ်သည် အင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လွှတ်တင်ပြီးမကြာမီ ပထမအဆင့်ပျံတက်မှု၌ပင် ပေါက်ကွဲသွားသည်ဟု KCNA က ဖော်ပြခဲ့သည်။

မကြာသေးမီက ထောက်လှမ်းရေးဂြိုဟ် တုလွှတ်တင်မှုမအောင်မြင်ခဲ့သော်လည်း မြောက်ကိုရီးယားအနေဖြင့် အရေးစိုက်မည်မဟုတ်ဟု ကင်ကပြောကြားခဲ့ကြောင်း KCNA က မေ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ၂၀၂၄ ခု နှစ်တွင် စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တုသုံးစင်း ထပ်မံလွှတ်တင်မည်ဖြစ်ပြီး နျူကလီးယား လက်နက်များကိုလည်း ထပ်မံတည်ဆောက်ကာ ဒရုန်းကဲ့သို့ လူထိန်းချုပ်ရန်မလိုသည့် ခေတ်မီတိုက်ခိုက်ရေး ကိရိယာများကိုလည်း တီထွင်ထုတ်လုပ်သွားမည်ဟု အာဏာ ရ ကိုရီးယားအလုပ်သမားပါတီ၏ နှစ်ကုန်ပိုင်းအစည်းအဝေးတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားထားသည်။

Ref: AFP

Most Read

Most Recent