မာလာဝီဒုတိယသမ္မတ လိုက်ပါသွားသည့် စစ်လေယာဉ်ပျောက်နေသဖြင့် ရှာဖွေနေရ

မာလာဝီဒုတိယသမ္မတ လိုက်ပါသွားသည့် စစ်လေယာဉ်ပျောက်နေသဖြင့် ရှာဖွေနေရ
Published 11 June 2024

မာလာဝီနိုင်ငံ၏ ဒုတိယသမ္မတနှင့့် သမ္မတကတော်ဟောင်းတို့ လိုက်ပါသွားသည့် လေယာဉ်သည် ဇွန် ၁၀ ရက်က နိုင်ငံမြောက်ပိုင်းမြို့အနီး ပျောက်ဆုံးသွားခြင်းကြောင့် ယင်းမြို့နားရှိ တောအုပ်ထဲတွင် ရှာဖွေမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

လေယာဉ်ပေါ်တွင် အသက် ၅၁ နှစ်အရွယ်ရှိ ဒုတိသမ္မတဆောလို့စ်ချီလီမာ၊ သမ္မတကတော်ဟောင်း ရှနီးလ်ဂျင်ဘီရီနှင့် အခြားရှစ်ဦးတို့လိုက်ပါသွားကြပြီး မြို့တော်လီလွန်ဂွေမှ ထွက်ခွာသွားသည့် ယင်းလေယာဉ်သည် ၄၅ မိနစ်အကြာတွင် မဇူဇူမြို့၏လေဆိပ်၌ ဆင်းသက်ရမည်ဖြစ်သော်လည်း လေကြောင်းထိန်းချုပ်ရေးအဖွဲ့သည် ရာသီဥတုမကောင်းခြင်း၊ မြင်ကွင်းရှင်းလင်းမှုမရှိခြင်းကြောင့် လေယာဉ်မဆင်းရန် ပြန်လှည့်ဖို့ သတိပေးခဲ့ကြောင်း၊ ယင်းနောက် လေကြောင်းထိန်းချုပ်ရေးအဖွဲ့က လေယာဉ်နှင့် ဆက်သွယ်လို့မရတော့ဘဲ လေယာဉ်သည် ရေဒါမှ ပျောက်ဆုံးသွားသည်ဟု မာလာဝီသမ္မတ လာဇရက်စ်ချာကွီရာက နိုင်ငံပိုင်ရုပ်သံ MBC မှ ကြေညာခဲ့ကြောင်း သိရသည်။

မဇူဇူမြို့သည် မာလာဝီ၏ တတိယအကြီးဆုံးမြို့ဖြစ်ပြီး တောင်ကြောထူထပ်သည့်ဒေသတွင် တည်ရှိကြောင်း၊ လေယာဉ်ကိုမတွေ့မချင်း ရှာဖွေကြရန် အမိန့်ပေးထားကြောင်း သမ္မတက ပြောကြားသည်။ သမ္မတအဆိုအရ အမေရိကန်၊ နော်ဝေနှင့် အစ္စရေးနိုင်ငံတို့က ကူညီရှာဖွေပေးဖို့ ကမ်းလှမ်းထားကြကြောင်း သိရသည်။

လေယာဉ်ပေါ်ပါသည့်အဖွဲ့သည် အစိုးရဝန်ကြီးဟောင်းတစ်ဦး၏ ဈာပနတက်ရောက်ရန် သွားနေကြခြင်းဖြစ်ပြီး သူတို့အားလုံးအတွက် ဆုတောင်းပေးရန် ပြည်သူများကို သမ္မတကတိုက်တွန်းနေကြောင်း သိရသည်။

ချီလီမာသည် ၂၀၂၀ ခုနှစ်ကတည်းက ဒုတိယသမ္မတတာဝန်ကို ယူလာခဲ့ပြီး လာဘ်စားတယ်ဆိုသည့် စွဲချက်များ ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော် ပြီးခဲ့သည့်လတွင် အစိုးရရှေ့နေများက စွဲချက်များကို ရုပ်သိမ်းလိုက်သည့်အတွက် အဂတိလိုက်စားမှုကို အစိုးရက ကြပ်ကြပ်မတ်မတ်မကိုင်တွယ်ဘူးဟု ဝေဖန်မှုများ ဖြစ်လာကြောင်း သိရသည်။

Most Read

Most Recent