ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင် တရုတ်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်မည်

ယခုသီတင်းပတ်အတွင်း ရုရှားသမ္မတဗလာဒီမာပူတင် တရုတ်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်မည်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့၌ တရုတ်သမ္မတရှီကျင်းပင်(ယာ)နှင့် ရုရှားသမ္မတဗလာဒီမာပူတင်(ဝဲ)တို့ တွေ့ဆုံစဉ်(photo: AFP)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့၌ တရုတ်သမ္မတရှီကျင်းပင်(ယာ)နှင့် ရုရှားသမ္မတဗလာဒီမာပူတင်(ဝဲ)တို့ တွေ့ဆုံစဉ်(photo: AFP)
Published 14 May 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း တရုတ်သို့ နှစ်ရက်ကြာ  နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဟု နှစ်နိုင်ငံစလုံးက မေ ၁၄ ရက်တွင် အတည်ပြုကြေညာခဲ့သည်။

ပူတင်သည် တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံစဉ်အတွင်း နိုင်ငံ့စီးပွားရေးနှင့် ယူကရိန်းစစ်ပွဲအတွက် အထောက်အပံ့များ ပိုမိုရရှိရန် ကြိုးပမ်းဖွယ်ရှိသည်။

ယင်းသည် မတ်လရွေးကောက်ပွဲတွင် ပူတင်ထပ်မံရွေးကောက်ခံရပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ခြောက်လကျော်အတွင်း တရုတ်သို့ ဒုတိယအကြိမ် သွားရောက်သည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ ယူကရိန်းကို စစ်ပွဲဆင်နွှဲခြင်းကြောင့် အနောက်နိုင်ငံများ၏ မကြုံဖူးလောက်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရပြီးနောက် ရုရှား၏စီးပွားရေးအတွက် တရုတ်သည် အသက်သွေးကြောသဖွယ် အရေးပါနေသည်။

တရုတ်သည် ရုရှားနှင့် ဆက်ဆံမှုများအတွက် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုများကို အပြင်းအထန်ပယ်ချခဲ့ပြီး နှစ်နိုင်ငံအကြား အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေးကို ကြိုဆိုခဲ့သည်။ တရုတ်သည် ရုရှား၏ စွမ်းအင်ပို့ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရရှိနေသကဲ့သို့ Power of Siberia ပိုက် လိုင်းမှတစ်ဆင့် ဓာတ်ငွေ့များကို ပုံမှန်သယ်ယူခြင်းအပါအဝင် သယံဇာတအရင်းအမြစ် အများအပြားကို ရရှိနေသည်။

သို့သော် အနောက်နိုင်ငံများက ၎င်းတို့၏ စီးပွားရေးအရ မိတ်ဖက်ဆက်ဆံမှုများကို အနီးကပ်စောင့်ကြည့်နေစဉ် အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်မှ ဖယ်ထုတ်ခံရနိုင်သည်ကို စိုးရိမ်နေသည့် တရုတ်ဘဏ်များက ရုရှားစီးပွားရေးလုပ်ငန်းများအပေါ် ဖိအားပေးမှုများ စတင်လုပ်ဆောင်လာခဲ့သည်။

“တရုတ်က သူတို့ကို ပိုပြီးအထောက်အပံ့ပေးလာဖို့ ရုရှားဘက်က ဆန္ဒရှိနေပါတယ်။ တရုတ်ကတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ထိခိုက်ပျက်ပြားမှာကို မလိုလားတဲ့အတွက် အဲဒီလိုလုပ်ဖို့ လက်တွန့်နေတယ်” ဟု Carnegie Russia

 Eurasia Center မှ ဒါရိုက်တာဖြစ်သူ အလက်ဇန်းဒါး ဂါဘူအက်ဗ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပူတင်သည် မေ ၁၆ ရက်မှ ၁၇ ရက်အထိ ပေကျင်းသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ဟွာချွင်းယင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“သမ္မတရှီကျင်းပင်ဟာ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေး၊ အကျိုးစီးပွားချင်း ဆက်နွှယ်နေသည့် နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမှာဖြစ်တယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝင်ပင်းကလည်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ဘက်ပေါင်းစုံ မိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကာ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းလာသည့် အဓိကနယ်ပယ်များကို သတ်မှတ်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဟု ရုရှားအစိုးရက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နှင့် ရုရှား၏ ကုန်သွယ်မှုသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာဘီလျံ ၂၄၀ အထိရှိခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ ကိန်းဂဏန်း များအရ သိရသည်။ သို့သော် မတ်လနှင့် ဧပြီလတွင် ရုရှားသို့ တရုတ်၏ပို့ကုန်တင်ပို့မှုများ ကျဆင်းသွားသည်။        

Ref: AFP

Most Read

Most Recent