အင်ဒိုနီးရှားနိုင်ငံ၏ အီဘူးမီးတောင် ဇွန် ၄ ရက်တွင် ပေါက်ကွဲခဲ့ရာ မီးခိုးများကို ကောင်းကင်သို့ အမြင့် ၅ ကီလိုမီတာအထိ မှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံ၏ အီဘူးမီးတောင် ဇွန် ၄ ရက်တွင် ပေါက်ကွဲခဲ့ရာ မီးခိုးများကို ကောင်းကင်သို့ အမြင့် ၅ ကီလိုမီတာအထိ မှုတ်ထုတ်
အီဘူးမီးတောင်ပေါက်ကွဲနေချိန်နှင့်တိုက်ဆိုင်လျက် မိုးထန်လေထန်ဖြစ်နေချိန် လျှပ်စီးလက်နေသည်ကို မေ ၁၈ ရက်တွင်ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo: Reuters)
အီဘူးမီးတောင်ပေါက်ကွဲနေချိန်နှင့်တိုက်ဆိုင်လျက် မိုးထန်လေထန်ဖြစ်နေချိန် လျှပ်စီးလက်နေသည်ကို မေ ၁၈ ရက်တွင်ရိုက်ထားသောပုံ၌ တွေ့ရစဉ်(Photo: Reuters)
Published 4 June 2024

အင်ဒိုနီးရှား၏ အီဘူးမီးတောင်သည် ဇွန် ၄ ရက်တွင် ပေါက်ကွဲခဲ့ရာ မီးခိုးများကို ကောင်းကင်သို့ အမြင့် ၅ ကီလိုမီတာအထိ မှုတ်ထုတ်နေသည်ဟု မီးတောင်အေဂျင်စီက  ပြောကြားသည်ဆိုသော်လည်း မီးတောင် ပတ်ဝန်းကျင်တွင် နေထိုင်သူများ ချက်ချင်းရွှေ့ပြောင်းရမည်ဆိုသည့် သတင်းများကို မကြားရသေးဟု ဆိုသည်။

အရှေ့ကျွန်း ဟာမာဟီရာပေါ်ရှိ အီဘူးမီးတောင်သည် ဇွန် ၄ ရက် နံနက် ၅ နာရီ ၃၆ မိနစ်တွင် နှစ်မိနစ်ခန့် ပေါက်ကွဲခဲ့သည်ဟု PVMB အေဂျင်စီ၏တာဝန်ရှိသူ ဟာရူနင်းတက်စ်ဒေဆီပါနာမာဆရီက ပြောကြားခဲ့သည်။ မီးတောင်ဝနှင့် ခုနစ်ကီလိုမီတာအတွင်းတွင် လုပ်ငန်းဆောင်တာအားလုံးကို တားမြစ်ထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ပြင်းထန်တဲ့ ကျောက်ရည်ပူရွေ့လျားမှု တွေရှိနေတာကြောင့် မီးတောင်ဟာ မကြာသေးမီက သက်ဝင်လှုပ်ရှားနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ထို့ကြောင့် မေ ၁၆ ရက်ကတည်းက မီးတောင်ပေါက်ကွဲမှုနှင့်ပတ်သက်၍အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ထားသည်ဟု ဆိုသည်။

ဇွန် ၄ ရက်တွင် အတိုင်းအတာပိုမိုသေးငယ်သော ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးတောင်ဝမှ မီးခိုးများကို ကောင်းကင်သို့မှုတ်ထုတ်ခဲ့သည်ကို PVMB မီးတောင်အေဂျင်စီကပေးသော ရုပ်ပုံများတွင်မြင်ရသည်။

၎င်းတို့သည် မေလကတည်းကဆက် တိုက်သက်ဝင်လှုပ်ရှားမှုများထဲက နောက်ဆုံး သက်ဝင်လှုပ်ရှားမှုဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် မီးတောင်အနီးနားရှိ ကျေးရွာခုနစ်ရွာမှ ရွာသားများကို အာဏာပိုင်များက ရွှေ့ပြောင်းခိုင်းခဲ့သည်။ သို့ရာတွင် ဇွန် ၄ ရက် မီးတောင်ပေါက်ကွဲမှုကြောင့် လူများကို ရွှေ့ ပြောင်းခိုင်းခြင်းမရှိကြောင်း ဘေးအန္တရာယ် အေဂျင်စီ BNPB က ပြောကြားခဲ့သည်။

ဝေးလံသော ဟာမာဟီရာကျွန်းပေါ်တွင် တည်ရှိသော အီဘူးတောင်သည် နှစ်ရက်ဆက်တိုက် ကြီးမားသော ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များသည် အဆင့်လေးဆင့်ရှိသော သတိပေးချက်တွင် အမြင့် ဆုံးသတိပေးချက်ကို မေ ၁၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များက မီးတောင်ပေါက်ကွဲမှုသတိပေးချက်ကို အမြင့်ဆုံးအဆင့်သတ် မှတ်လိုက်ပြီးနောက်အင်ဒိုနီးရှားအရှေ့ပိုင်း၌ ပေါက်ကွဲနေသော မီးတောင်အနီးတွင် နေထိုင်ကြသော ပြည်သူရာပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့သည်ဟု မေ ၁၆ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းနယ်ခံများသည် မီးတောင်မှ ခုနစ်ကီလိုမီတာ( ၄ ဒသမ ၃ မိုင်)အကွာတွင် နေ ထိုင်ကြသူများဖြစ်သောကြောင့် အာဏာပိုင်များက ကြိုတင်ကာကွယ်ရေးအစီအမံအဖြစ် ၎င်းတို့ကို ရွှေ့ပြောင်းပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကျယ်ပြောလှသည့် ကျွန်းစုနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိသောကြောင့် မကြာခဏငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းတို့ ဖြစ်ပွားသည်။

လွန်ခဲ့သောလတွင် မြောက်ဆူလာဝေဆီ၌ ရူအန်မီးတောင်ပေါက်ကွဲမှုကအရောင် တောက်တောက်ချော်ရည်များကို မှုတ်ထုတ်ခဲ့သောကြောင့် လူ ၁၂,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရသည်။

အီဘူးသည် အင်ဒိုနီးရှား၏သက်ဝင်လှုပ်ရှားမှုအများဆုံးမီးတောင်တစ်လုံးဖြစ်ပြီး လွန်ခဲ့သောနှစ်တွင် အကြိမ်ရေ ၂၁,၀၀၀ ကျော်ပေါက်ကွဲခဲ့သည်။         

Ref: Reuters

Most Read

Most Recent