အစ္စရေးက စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိ ရှိလာကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောကြား

အစ္စရေးက စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိ ရှိလာကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအဖွဲ့ ပြောကြား
သြဂုတ် ၁၀ ရက်က ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို  ဒေသခံများက လေ့လာကြည့်ရှုနေစဉ်(Photo: AFP)
သြဂုတ် ၁၀ ရက်က ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို  ဒေသခံများက လေ့လာကြည့်ရှုနေစဉ်(Photo: AFP)
Published 10 August 2024

ရွှေ့ပြောင်းပါလက်စတိုင်းများခိုလှုံနေထိုင်သည့် စာသင်ကျောင်းတစ်ကျောင်းကို အစ္စရေး၏နောက်ဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိရှိလာကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေး အဖွဲ့က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကမူ ၎င်းတိို့သည် ဟားမာ့စ်၏ ကွပ်ကဲရေးစင်တာတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနက သေဆုံးသူအရေအတွက် အတိအကျကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယင်းအရေအတွက်ကို အတည်ပြုနိုင်ခဲ့လျှင် ထိုလေကြောင်းတိုက်ခိုက်မှုသည် အစ္စရေးနှင့် ဟားမာ့စ်လက်နက် ကိုင်အဖွဲ့ကြားဂါဇာတွင် ၁ဝလကြာဖြစ်ပွားသည့် စစ်ပွဲအတွင်း နေ့အလိုက်အကြီးမားဆုံးလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များမှတစ်ခုအပါအဝင် ဖြစ်လာဖွယ်ရှိသည်။

“လက်ရှိ သေဆုံးသူအရေအတွက်က ၉၀ ကနေ ၁၀၀ ကြားရှိပါတယ်။ဒဏ်ရာရသူကတော့ ဒါဇင်နဲ့ချီပြီးရှိပါတယ်။ရွှေ့ပြောင်းပါ လက်စတိုင်းတွေ ခိုလှုံနေထိုင်တဲ့ ကျောင်းကို အစ္စရေးက ရော့ကတ်သုံးစင်းနဲ့ပစ်ခဲ့တာပါ” ဟု အေဂျင်စီပြောရေးဆိုခွင့်ရှိသူ မာမွတ်ဘက်ဆဲလ်က အေအက်ဖ်ပီသတင်းကိုပြောပြခဲ့သည်။

ဟားမာ့စ်တို့ အုပ်ချုပ်သည့် ဂါဇာကမ်းမြောင်ဒေသရှိ အစိုးရမီဒီယာတွင် ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

အစ္စရေးတောင်ပိုင်းတွင် ဟားမာ့စ်၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှစတင်ခဲ့သော စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၂ ဒသမ ၄ သန်းခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ရခြင်းနှင့်အတူ လူအများစုသည် စာသင်ကျောင်းအဆောက်အအုံများတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

သြဂုတ် ၁၀ ရက် တိုက်ခိုက်မှုဖြစ်စဉ်သည် ဇူလိုင် ၆ ရက်နောက်ပိုင်း ဂါဇာရှိစာသင်ကျောင်း ၁၄ ကျောင်းထက်မနည်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး လူပေါင်း ၂၈၀ ကျော်သေဆုံးခဲ့သည်ဟု ဂါဇာတာဝန်ရှိသူများ၏ ယခင် ထုတ်ပြန်ချက်အပေါ် အေအက်ဖ်ပီသတင်းဌာန၏ စာရင်းတွင်ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာနေရာမှ အေအက်ဖ်ပီတီဗီ၏ တိုက်ရိုက်ထုတ်လွှင့်မှုရုပ်ပုံများတွင် ကြီးမားသော အဆောက်အအုံဝန်း၏အတွင်းနှင့်အပြင်ဘက်တွင် အပျက်အစီးများပြန့်ကြဲနေသည်ကို တွေ့ရသည်။

ဒါရက်ဂျ်ရပ်ကွက်ရှိ အယ်တာဘီယန်း စာသင်ကျောင်းရှိ ဟားမာ့စ်ကွပ်ကဲရေးနှင့် ထိန်းချုပ်ရေးစင်တာကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်ကထုတ်ပြန်ထားသည်။

“အရပ်သားတွေ ထိခိုက်နိုင်တဲ့အခြေအနေကို ရှောင်လွှဲနိုင်ဖို့အတွက် ပစ်မှတ်တိကျတဲ့ လက်နက်ခဲယမ်းတွေ အသုံးပြုတာ၊လေကြောင်း ထောက်လှမ်းတာတွေနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအသုံး ပြုတာအပါအဝင် စီမံချက်အများအပြားကိုလုပ်ဆောင်ခဲ့ပါတယ်”ဟု အစ္စရေး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်သည် ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံသည့်စာသင်ကျောင်းများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အလားတူစွပ်စွဲချက်များကိုထပ်တလဲလဲ ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ ၎င်းတို့သည်စာသင် ကျောင်းများ၊ ဆေးရုံများနှင့် အခြားအရပ် ဘက်အဆောက်အအုံများကို စစ်ရေးအရရည်ရွယ်၍ အသုံးပြုနေသည်ဟူသည့်အစ္စရေး၏ စွပ်စွဲချက်များကို အစောပိုင်းကငြင်းဆိုခဲ့သည်။                                                   

Most Read

Most Recent