ဒေါ်နယ်ထရန့်နှင့်ယှဉ်ပြိုင်မည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှ ဂျိုးဘိုင်ဒင် နုတ်ထွက်မည်မဟုတ်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်နယ်ထရန့်နှင့်ယှဉ်ပြိုင်မည့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှ ဂျိုးဘိုင်ဒင် နုတ်ထွက်မည်မဟုတ်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြောက်ကာရိုလိုင်းနား မဲဆွယ်ပွဲတွင် ဂျိုးဘိုင်ဒင် စည်းရုံးပြောကြားနေပုံကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(Photo: Reuters)
မြောက်ကာရိုလိုင်းနား မဲဆွယ်ပွဲတွင် ဂျိုးဘိုင်ဒင် စည်းရုံးပြောကြားနေပုံကို ဇွန် ၂၈ ရက်တွင် တွေ့ရစဉ်(Photo: Reuters)
Published 4 July 2024

ဒေါ်နယ်ထရန့်နှင့်စကားစစ်ထိုးပွဲတွင် ဆိုးဆိုးရွားရွားဖြစ်ခဲ့သည့် စွမ်းဆောင်ရည်ကြောင့် ဖိအားများ မြင့်တက်လာသည့် ဂျိုးဘိုင်ဒင်သည် အမေရိကန်သမ္မတရွေးပွဲမှ လုံးဝနုတ်ထွက်မည်မဟုတ်ဟု ဇူလိုင် ၃ ရက်တွင် ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုယ်ရေးကိုယ်တာတိုက်ခိုက်စော်ကားမှုများရှိခဲ့သည့် ဒေါ်နယ်ထရန့်နှင့်စကားစစ်ထိုးပွဲတွင် အထနှေးနေသောဂျိုးဘိုင်ဒင်သည် ဒုတိယသမ္မတသက်တမ်းအတွက် ၎င်းသည် အသက်အရွယ်ကြီးလွန်းနေပြီဟူ သောစိုးရိမ်ပူပန်မှုများကို ဖြေဖျောက်နိုင်စွမ်းမရှိဖြစ်ခဲ့ရသည်။ ထို့အကြောင့် အဆိုပါ စကားစစ်ထိုးပွဲအပြီးတွင် ၎င်း၏ဒီမိုကရက် တစ်ပါတီအတွင်း၌ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ရသည်။

နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုယှဉ်မည့် သမ္မတလောင်းကို ရှာဖွေရေးနှင့်ပတ်သက်၍ ပါတီတွင်း အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့ရသည်။ ယင်းသို့သောအနေအထားတွင် လူထုသဘောထားစစ်တမ်းများတွင်လည်း ထရန့်က ဆက်လက်ဦးဆောင်နေခဲ့သည်။

ဂျိုးဘိုင်ဒင်က ၎င်းသည် သမ္မတတာဝန်ကို ထမ်းဆောင်နိုင်ဆဲအနေအထားရှိမရှိ ဆိုသည်ကို အများပြည်သူအား လျင်မြန်စွာ အာမခံနိုင်ခြင်းမရှိပါက သမ္မတအဖြစ် ၎င်းထပ်မံအရွေးခံမည့်ကိစ္စသည် ထိခိုက်နိုင်စရာရှိသည်ဟု အသက် ၈၁ နှစ်အရွယ်ဘိုင်ဒင်က မိတ်ဆွေတစ်ဦးကို ပြောကြားခဲ့သည်ဟု နယူး ယောက်တိုင်း(မ်)သတင်းစာနှင့် CNN သတင်းဌာနတို့က ဖော်ပြခဲ့ကြသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရအမျိုးသမီး ကာရင်းဂျင်းပီယာရီက အဆိုပါသတင်းများကို တွင်တွင်ပယ်ချလိုက်ပြီး ဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ရန်ရည်ရွယ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။

“သမ္မတကတော့ အမြင်ရှင်းပါတယ်။ သူဟာပြိုင်ပွဲထဲမှာရှိနေပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်ကမူ ၎င်းသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောကြားထားသည်။

“ကျွန်တော်က ဒီပြိုင်ပွဲမှာ အဆုံးထိသွားမှာဖြစ်ပါတယ်။ ဒီမိုကရက်တွေ စည်းလုံးတဲ့အခါ ကျွန်တော်တို့ အနိုင်ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အမြဲနိုင်နေပါလိမ့်မယ်။ ၂၀၂၀ မှာ ဒေါ်နယ်ထရန့်ကို ကျွန်တော်တို့ နိုင်ခဲ့တဲ့ပုံစံအတိုင်း ၂၀၂၄ မှာလည်း ကျွန်တော်တို့သူ့ကို ထပ်မံအနိုင်ယူဦးမှာဖြစ်ပါတယ်”ဟု မဲဆွယ်စည်းရုံးရေးပွဲတွင် ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်ဟု သိရသည်။

ဘိုင်ဒင်သည် ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးများနှင့်ပြုလုပ်သည့်အရေးပေါ်အစည်းအဝေးတွင် ထိုသတင်းစကားကို ထပ်လောင်းပြောခဲ့သည်ဟုဆိုသည်။ ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူးများက ဂျိုးဘိုင်ဒင်ကို ဆက်လက်ထောက်ခံသွားမည်ဟု အရေးပေါ်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

“သမ္မတဟာ ဝင်ပြိုင်မယ်ဆိုတာကို ကျွန်တော်တို့ကို ဆက်လက်ပြောကြားခဲ့ပါတယ်။ သူဝင်ပြိုင်မယ့်အကြောင်းကိုလည်း ကျွန်တော်တို့ကို ဆက်လက်သက်သေပြခဲ့ပါတယ်။  ကျွန်တော်တို့ကလည်းသူ့ကို ဆက်လက်ထောက်ခံမယ်လို့ ပြောခဲ့ပါတယ်”ဟု မယ်ရီလန်း အုပ်ချုပ်ရေးမှူး ဝက်စ်မိုးက သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent