လားရှိုးမြို့ ပတ်ဝန်းကျင်နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး မြို့ပေါ်တွင် လူအသွားအလာ မရှိသလောက်နည်းပါး

လားရှိုးမြို့ ပတ်ဝန်းကျင်နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး မြို့ပေါ်တွင် လူအသွားအလာ မရှိသလောက်နည်းပါး
Published 6 July 2024

လားရှိုးမြို့ ပတ်ဝန်းကျင်နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး မြို့ပေါ်တွင် လူအသွားအလာ မရှိသလောက် နည်းပါးနေသည်ဟု လားရှိုးမြို့ခံများက ဇူလိုင် ၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ပြောကြားသည်။

တပ်မတော်နှင့် MNDAA တို့အကြား လွန်ခဲ့သည့် သုံးရက်‌ကျော်မှ စတင်ပြီး လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ် သည်။

“ဒီနေ့ကတော့ မြို့ နဲ့ နည်းနည်းကပ်လာတယ်လို့ ပြောလို့ရ တယ်။ လက်နက်ကြီးလက်နက်ငယ်အသံတွေက။ နေ့လယ် ‌လောက်မှာ တချက်ငြိမ်သွားတယ်။ မွန်းလွဲပိုင်း ၁၂ နာရီ လောက်ပေါ့။ အမှတ် ၅ ရပ်ကွက်တို့ ၁၂ ရပ်ကွက်တို့ဆိုတာက လားရှိုးမြို့ရဲ့ အစွန်ပိုင်းရပ်ကွက်တွေပေါ့။ အဲ့ဒီဘက်မှာတော့ သေနတ်သံတွေ ကြားရတယ်။ မြို့ထဲမှာတော့ ဘာမှမဖြစ်ဘူး”‌ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ဇူလိုင် ၅ ရက် ညပိုင်းတွင် လားရှိုးမြို့ ၅ ရပ်ကွက်အနီးရှိ ၅၀၇ တပ်ကို MNDAA က လ‌‌ာရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်က ဆုတ်ခွာခဲ့‌ကြောင်း၊ ဇူလိုင် ၆ ရက်တွင် ယင်းနေရာအနီး တိုက်ခိုက်မှု များဖြစ်ပွားပြီး တပ်မတော်က တပ်ရင်းကို ပြန်လည်သိမ်းယူ ခဲ့သည်ဟု စစ်မြေပြင်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

“၆ ရက်နေ့မှာ ၅၀၇ ကို ပြန်သိမ်းလိုက်တယ်ကြားတယ်။ နမ့်ပေါင်ဘက်က စခန်းကိုလည်း သံချပ်ကာယာဉ်တွေနဲ့ ပြန်တိုက်ပြီး ပြန်သိမ်းလိုက်တယ်။ MNDAA ဘက်က ပြန်ဆုတ်သွားတယ်လို့ သိရတယ်”‌ဟုစစ်မြေပြင်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောကြားသည်။

သို့သော်နမ့်ပေါင်ဘက်ရှိ တပ်မတော်စခန်းမှာ MNDAA က သိမ်းယူခဲ့ သည်ဟု မီဒီယာအချို့တွင် ဖော်ပြလျက်ရှိနေရာ ယင်းဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ယခင်ရက်များက လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးများ နေ့စဉ်နီးပါး ကျရောက်ခဲ့သော်လည်း ဇူလိုင် ၆ ရက်တွင်မူ ရှော့တိုက်ဒုံး ကျရောက်မှုနည်းပါးသွားသည်ဟု မြို့ခံများက ပြောကြားသည်။

ဇူလိုင် ၆ ရက်တွင် လားရှိုးမြို့ပေါ်ရှိ နေရာတစ်ခုပေါ်သို့ ရှော့တိုက် ဒုံး ကျရောက်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

“ဒီနေ့တော့ ရှော့တိုက်ဒုံး တစ်လုံးကျတယ်လို့ ပြောကြတယ်။ ဘယ်နေရာလဲဆိုတာတော့ မသိဘူး။ အရင်ရက်တွေတုန်းကတော့ ရှော့တိုက်ဒုံးတွေ ခဏခဏ ကျတယ်။ အရပ်သားတွေ သေတာ လည်းရှိတယ်။ ဒီနေ့တော့ တော်တော်နည်းတယ်”‌ဟု လားရှိုးမြို့ ခံတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာအချို့သို့ ကျရောက် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းလူအသွား အလာမရှိသလောက်နည်းပါးနေပြီး မြို့ကိုစွန့်ခွာနေသူများလည်း ဆက်လက်ရှိနေသည်ဟု လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

“ နေ့လယ် လောက်က ထွက်ကြည့်တော့ မြို့ပေါ်မှာ လူအသွားအလာက မရှိသလောက် ကိုဖြစ်နေတယ်။ မြို့ကတော်တော်ကိိုတိတ် ဆိတ်ခြောက်ကပ်နေတယ်။ မြို့ကနေထွက်တဲ့ သူတွေကလည်း ဒီနေ့လည်းရှိသေးတယ်” ဟု မြေပြင်အခြေအနေကို ကြည့်ရှုခဲ့သည့်လားရှိုး မြို့ခံတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ တစ်ပတ်ကျော် ခန့်ရှိနေပြီး ဖုန်းလိုင်းများမှာ လည်း အဆင်မပြေတော့ကြောင်း သိရသည်။

“မီးပြတ်နေတာကတော့ ဆယ်ရက်နီးပါး လောက်ရှိနေပြီ။ ဖုန်းအားသွင်းဖို့ဆိုရင် ဆိုလာ ရှိတဲ့နေရာတွေမှာ သွားသွင်းရတယ်။ မီးစက် နှိုးထားတဲ့ဆိုင်တွေမှာ သွင်းရတယ်။ အများစု ကတော့ လဘက်ရည်ဆိုင်တွေမှာပေါ့။ ဖုန်း လိုင်းက အရင်ရက်တွေတုန်းက တယ်လီနော လိုင်းက ကောင်းတယ်။ ဒီနေ့(ဇူလိုင် ၆ ရက်)  လိုင်းက သိပ်မမိချင်တော့ဘူး။ ပြောရခေါ်ရ တာ ခက်လာတယ်။ ကျန်တဲ့လိုင်းတွေလည်း အဲ့ဒီအတိုင်းပဲ” ဟု လားရှိုးမြို့ခံတစ်ဦးကပြော ကြားသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာ မှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက် ခန့်ကမှ စတင်ပြီး အခြားဒေသများသို့ ပြောင်း ရွှေ့လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော် ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့ နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြားအခြား မြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ် စီးရေ ထောင်ချီထိရှိနေသည်။