■ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 4 October 2024

ခရစ္စတယ်ပဲလေ့စ် - လီဗာပူးလ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ညနေ ၆:၀၀ နာရီ)

လီဗာပူးလ်က အပြတ်အသတ် ရေပန်းစားနေတဲ့ အခြေအနေဖြစ်တယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ပဲလေ့စ်ကတော့ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲမှာ နိုင်ပွဲမရသေးဘူး။ ပဲလေ့စ်က ဒီရာသီမှာ ခြေကျနေသလို ဒီပွဲမှာလည်း အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အီဇီ၊ ဒူကူရေတို့ မကစားနိုင်ဘူး။ ဒါကြောင့် ကွင်းလယ်မှာ ဖန်တီးမှုစွမ်းရည်ရော ခံစစ်တည်ငြိမ်မှုပါ လျော့ကျနေလိမ့်မယ်။ အက်ဒ်ဝက်ဒ်က ဦးဆောင်ကစားဖို့များပြီး အဓိကကစားသမားတွေ မပါဝင်တဲ့အနေအထားက တောင့်တင်းတဲ့လီဗာပူးလ်ကို ရင်ဆိုင်တဲ့အခါ အခက်အခဲ တွေ့စေလိမ့်မယ်။ လီဗာပူးလ် (၀-၂) လောက်ဖြစ်မယ်။ 



အာဆင်နယ် - ဆောက်သမ်တန် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၃၀ နာရီ)

အာဆင်နယ်က အိမ်ကွင်း အီမရိတ်စ်မှာ ရုန်းကန်နေရတဲ့အသင်းတစ်သင်းကို ကစားရလိမ့်မယ်။ လက်ရှိ အာဆင်နယ်ရဲ့ Form က အကောင်းဆုံးအနေအထားမှာ ရှိနေ ပြီး နောက်ဆုံးပွဲမှာလည်း လက်စတာနဲ့ PSG တို့ကို အနိုင်ကစားထားတယ်။ ဆောက်သမ်တန်က ပရီးမီးယားလိဂ်မှာ နို်င်ပွဲမရသေးဘူး။ ဇယားအောက်ခြေကို ရောက်နေတယ်။ အာဆင်နယ်ပဲ အိမ်ကွင်းမှာ ဂိုးပြတ်သွင်းလိမ့်မယ်။ 



ဘရန့်ဖို့ဒ် - ဝုလ်ဗ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၃၀ နာရီ)

ဒီရာသီမှာ ဘရန့်ဖို့ဒ်က ဆိုးရွားတဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ အထူးသဖြင့် ဝစ်ဆာ ဒဏ်ရာရနေခြင်းက အသင်းရဲ့တိုက်စစ်ကို နစ်နာစေတယ်။ အမ်ဘူမိုကတော့ ဒီရာသီမှာအကောင်းဆုံးပုံစံပြသနေပြီး (၅) ဂိုးတောင်သွင်းထားတယ်။ ဝုလ်ဗ်က (၆) ပွဲမှာ (၁) မှတ်ပဲ ရထားပြီး ဒီရာသီမှာ ခက်ခဲတဲ့အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ ခြေစွမ်းကတော့ မဆိုးဘူး ပြောရမယ်။ ဘရန့်ဖို့ဒ်ကပ်နိုင်ဖို့တော့ ရှိတယ်။ 



လက်စတာ - ဘုန်းမောက် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၃၀ နာရီ)

လက်စတာကလည်း ဒီရာသီမှာ နိုင်ပွဲပျောက်ဆုံးနေပြီး နည်းပြ စတိဗ်ကူးပါးအတွက် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေတယ်။ လက်စတာက ခံစစ်ပိုင်းမှာ ရုန်းကန်နေရပြီး အထူးသဖြင့်တော့ တည်ကန်ဘောတွေကနေ ဂိုးတွေပေးနေရတာတွေ့ရတယ်။ ဘုန်းမောက်က လက်စတာထက် တိုက်စစ်ကစားပုံပိုကောင်းတယ်။ ဒါပေမဲ့ ဆိုလန်ကီနေရာကို အစားထိုးဖို့ ခက်နေတာလည်း တွေ့ရတယ်။ ဘုန်းမောက်ပဲ ကြိုက်တယ်။ 



မန်စီးတီး - ဖူလ်ဟမ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၃၀ နာရီ)

စီးတီးက အိမ်ကွင်းမှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ်။ နိုင်ပွဲအတွက် အပြတ်အသတ် ရေပန်းစားနေတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ရဲ့ လက်ရှိခြေစွမ်းကြောင့် သတိတော့ထားရမယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေမှာ စီးတီးက နှစ်ကျော့စလုံး ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ စီးတီးရဲ့ တိုက်စစ်ကအားကောင်းပေမယ့် ဖူလ်ဟမ်တိုက်စစ်ရဲ့ အရည်အသွေးနဲ့ အမြန်နှုန်းကလည်း စိတ်ဝင်စားစရာပါ။ စီးတီးနိုင်ပွဲရပေမယ့် ဂိုးပြတ်ဖို့ ရှိ၊ မရှိစဉ်းစားရမယ်။ 



ဝက်စ်ဟမ်း - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၈:၃၀ နာရီ)

နှစ်သင်းစလုံးအတွက် Positive Result လိုအပ်နေတယ်။ အစ်ဝစ်ချ်အသင်းက ရာသီအဖွင့်မှာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ရှုံးပြီးနောက် ဖူလ်ဟမ်၊ ဘရိုက်တန်၊ ဆောက်သမ်တန်၊ ဗီလာ ပွဲတိုင်းကို သရေကစားထားတယ်။ လိုပယ်တယ်ဟီရဲ့ ဝက်စ်ဟမ်းကတော့ ရှုံးတစ်လှည့် နိုင်တစ်လှည့်အသင်းဖြစ်ပြီး ဒီပွဲကတော့ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေရမယ့် အခြေအနေဖြစ်နေတယ်။ ဝက်စ်ဟမ်းကပ်နိုင်သွားမယ်ထင်တယ်။ 



အဲဗာတန် - နယူးကာဆယ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၅ ရက် ည ၁၁:၀၀ နာရီ)

အဲဗာတန်က ရလဒ်တွေဆိုးရွားနေရာကနေ နောက်ဆုံးနှစ်ပွဲမှာ တိုးတက်မှုကို ပြသလာခဲ့တယ်။ လက်စတာကို သရေကစားပြီး ပဲလေ့စ်ကို အနိုင်ကစားခဲ့တယ်။ နယူးကာဆယ်က ရလဒ်တွေနည်းနည်းကျသွားပေမယ့် မန်စီးတီးကို သရေကစားခဲ့တဲ့ပွဲမှာ တော်တော်လေးကစားပုံကောင်းတယ်။ တိုနာလီ ပြန်ပါလာတဲ့ကွင်းလယ်က ပိုအားကောင်းလာတယ်။ နယူးကာဆယ်ကို ကြိုက်တယ်။