ကချင်ပြည်နယ်တွင် တရုတ်-မြန်မာနယ်စပ်ဂိတ်ရှိသည့် ကန်ပိုင်တည်မြို့ကို KIA နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်ခဲ့ကြောင်း စုံစမ်းသိရှိသည်။
ကန်ပိုင်တည်မြို့သည် နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့များ နောက်ဆုံးကျန်ရှိနေသည့် မြို့ဖြစ်သည်။
ကချင်ပြည်အတွင်း နယ်စပ်ဒေသတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန် တရုတ်အစိုးရက KIA အား ဖိအားပေနေသည့်အခြေအနေတွင် ကန်ပိုင်တည်မြို့ကို ထပ်မံတိုက်ခိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ကန်ပိုင်တည်မြို့ရှိ လုံခြုံရေးစခန်းများကို KIA နှင့် ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရဲစခန်းကုန်းနှင့် တပ်မတော်စခန်းကုန်းများမှ တပ်မတော်၊နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ နယ်စပ်လှိုဏ်ဂူဘက်သို့ ဆုတ်ခွာသွားကာ လေကြောင်း ပစ်ခတ်မှုများ ရှိခဲ့ကြောင်းတရုတ်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခဲ့သူများ၏ ပြောကြားချက်အရသိရသည်။
'' သတင်းတွေက ကြိုရတဲ့ အခြေအနေပါ။မတိုက်ခင်ကတည်းက လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ။တပ်ကလည်းအင်အားမနည်းဘူး။ ရာချီမယ်။ ညနေပိုင်းမှာ တပ်က ဆုတ်သွားတဲ့သဘောရှိတယ်။ မီးလောင်တာလည်း သေချာတယ်။နောက်ဆုံးအခြေအနေမသိရဘူး။ တရုတ်ပြည်ထဲလည်း အတင်းတိုးပြေးတဲ့သူတွေလည်းရှိနေတယ်'' ဟု ဒေသခံတစ်ဦးက ဆိုသည်။
နိုဝင်ဘာ ၂၁ ရက်အထိ ကန်ပိုင်တည်တစ်ဝိုက်တွင် ပစ်ခတ်မှုများရှိနေသေးသော်လည်း လက်နက်ကြီးပစ်ခတ်မှုမရှိကြောင်းနှင့် မည်သည့်အခြေအနေရောက်ရှိနေသည်ကို မသိရသေးပေ။
ထို့ပြင် ကန်ပိုင်တည်မြို့တွင် ဖုန်း၊ အင်တာနက်၊ မီးလိုင်းများ ပြတ်တောက်လျက်ရှိပြီး လက်ရှိတွင် ကန်ပိုင်တည်မှ မြစ်ကြီးနားသို့ အဆင်းကားများကို သွားလာခွင့်ပြုထားကြောင်းနှင့်
ကန်ပိုင်တည်-ဝိုင်းမော် လမ်းပေါ်တွင် တရုတ်နိုင်ငံဘက်သို့ သွားရောက်မည့် ငှက်ပျောသီးများတင်ဆောင်ထားသည့် ကားအစီး ၁၀၀ ခန့် ပိတ်မိနေကြောင်းလည်း သိရသည်။
ကန်ပိုင်တည်မြို့ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် အခြားစစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များကဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသည် ကချင်အထူးဒေသ ၁ နယ်မြေအတွင်းရှိ ချီဖွေမြို့ကို အောက်တိုဘာ၁ ရက်တွင်လည်းကောင်း၊ အောက်တို ၂ ရက်တွင် ဆော့လော်မြို့ကိုလည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ပန်ဝါမြို့ကိုလည်းကောင်း တိုက်ခိုက်ထိန်းချုပ်ခဲ့သည်။
KIA က ပန်ဝါမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် လွန်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်မှ စတင်ကာ တရုတ်နယ်စပ်က ဂိတ်များအားလုံးကို ပိတ်ထားခြင်းကြောင့်လည်း တရုတ်ဘက်မှဝင်လာသည့် စားသောက်ကုန်များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တပ်မတော်က မိုးမောက်မြို့ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေပြီးပစ်ခတ်မှုများ ပြင်းထန်းနေကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြထားသည်။
ကန်ပိုင်တည်မြို့အား KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်သည့် အခြေအနေနှင့်ပတ်သက်၍ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာပါက ထပ်မံဖော်ပြပေးမည်ဖြစ်ပါသည်။
ထွန်းလင်းအောင် (မြစ်ကြီးနား)