ဟေတီနိုင်ငံ ပို့အူပရင့်စ်မြို့တော်တွင် လွန်ခဲ့သည့်သီတင်းပတ်ကတည်းက အကြမ်းဖက်မှုများ မြင့်တက်နေပြီး သေဆုံးသူ ၁၅၀ ထက်မနည်းရှိကာ ယခုနှစ်အတွင်းအကြမ်း ဖက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူစုစုပေါင်း ၄,၅၀၀ ကျော်အထိ ရှိလာခဲ့သည်ဟုကုလသမဂ္ဂက နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
“ဟေတီမြို့တော်မှာ အခုမြင့်တက်လာတဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေဟာ ပိုမိုဆိုးရွားလာမယ့် ရှေ့ပြေးနိမိတ်တွေဖြစ်ပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗော်ကာတာ့ခ်က သတိပေးထားသည်။
“ရာဇဝတ်ဂိုဏ်းတွေရဲ့အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ရမှာဖြစ်ပါတယ်။ ဟေတီအနေနဲ့ ပရမ်းပတာအခြေအနေမျိုး နောက်ထပ်ရောက်ရှိခွင့်မပြုသင့်ပါဘူး”ဟု ၎င်းကဆိုသည်။
နိုဝင်ဘာ ၁၁ ရက်တွင် ရာဇဝတ်ဂိုဏ်းများ၏ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့က ပို့အူပရင့်စ်မြို့တော်ကို အပြည့်အဝ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုများသည် သိသိသာသာမြင့်တက်လာခဲ့သည်။
ပို့အူပရင့်စ်မြို့တော်တွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သော အကြမ်းဖက်မှုများမြင့်တက်လျက်ရှိကာ မြို့တော်၏ ၈၀ ရာခိုင်နှုန်းကို လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းအဖွဲ့များက ထိန်းချုပ်ထားပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။
ကင်ညာဦးဆောင်သော နိုင်ငံတကာတပ်ဖွဲ့သည် အားနည်းသော ဟေတီရဲတပ်ဖွဲ့ဝင်များကို အာဏာပြန်လည်တည်မြဲရေးအတွက် အကူအညီပေးနေသည့်တိုင်အကြမ်းဖက်မှုများ မြင့်တက်နေဆဲဖြစ်သည်။
“ပြီးခဲ့တဲ့သီတင်းပတ်က အကြမ်းဖက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၁၅၀ ထက်မနည်းရှိပြီး ၉၂ ဦးဒဏ်ရာရကာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးသူ၂၀,၀၀၀ ခန့်ရှိပါတယ်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ရာဇဝတ်ဂိုဏ်းများသည် လက်ရှိတွင်မြို့တွင်း၊မြို့ပြင်ရှိ အဓိကလမ်းများအားလုံးကို ထိန်းချုပ်ထားသောကြောင့် ပို့အူပရင့်စ်မြို့တော်ရှိ ပျမ်းမျှလူလေးသန်းသည် ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့်အနေအထားဖြစ်သည်။
လွန်ခဲ့သည့်သီတင်းပတ်က ပို့အူပရင့်စ်တွင် ဗစ်အန်ဆန် ရာဇဝတ်ဂိုဏ်းကြောင့်ဖြစ်ပွားသည့် တိုက်ခိုက်မှုများမြင့်တက်လာခဲ့သည်။ ယင်းအဖွဲ့သည် ဖေဖော်ဝါရီလကဝန်ကြီးချုပ်ဟောင်း အေရီရယ်ဟန်နရီကိုရာထူးမှ ဖယ်ရှားမှုတွင် ကူညီခဲ့သည့် မဟာမိတ်ရာဇဝတ်ဂိုဏ်းအဖွဲ့ဖြစ်သည်။
လတ်တလော သေဆုံးသူများ၏ ၅၅ ရာခိုင်နှုန်းသည် ဂိုဏ်းအဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုများနှင့် ပူးပေါင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တာ့ခ်က ဆိုသည်။
ဟေတီသည် ယခုသီတင်းပတ်တွင်အခြားနိုင်ငံများနှင့် အရေးပါသောဆက်သွယ်မှုများ ဆုံးရှုံးခဲ့သည်။ အမေရိကန်သည်ဟေတီနှင့် ပုံမှန်ဆက်သွယ်ထားသောလေကြောင်းခရီးစဉ်များအားလုံးကို တစ်လကြာရပ်တန့် ခဲ့သည်။ပို့အူပရင့်စ်မြို့တော်အနီးတွင် လေယာဉ်သုံးစင်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လူဦးရေ ၁၁ ဒသမ ၇ သန်းရှိသော ဟေတီနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ သဘာဝဘေးအန္တရာယ်များကိုဆယ်စု နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။
Ref: AFP