ဂျပန်အာဏာရပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသည့် ကာကွယ်ရေးဝန်ကြီးဟောင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်

ဂျပန်အာဏာရပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံရသည့် ကာကွယ်ရေးဝန်ကြီးဟောင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်
စက်တင်ဘာ ၂၇ ရက်က ဂျပန်၏ LDP ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရသည့် အီရှီဘာက တိုကျိုမြို့တော်ရှိ ပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားနေစဉ်(Photo:AFP)
စက်တင်ဘာ ၂၇ ရက်က ဂျပန်၏ LDP ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရသည့် အီရှီဘာက တိုကျိုမြို့တော်ရှိ ပါတီဌာနချုပ်တွင် မိန့်ခွန်းပြောကြားနေစဉ်(Photo:AFP)
Published 27 September 2024

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ဂျပန်အာဏာရပါတီခေါင်းဆောင် ရွေး ကောက်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘာ အနိုင်ရရှိခဲ့ပြီးနောက် ၎င်းသည် ဂျပန်၏ ဝန်ကြီးချုပ်သစ် ဖြစ်လာမည် ဖြစ်သည်။

အသက် ၆၇ နှစ်အရွယ် အီရှီဘာသည် ဂျပန်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည်ဟု ယူဆခံခဲ့ရသည့် ဆာနာအီတာ ကာအီချီကို နောက်ဆုံးအကျော့မဲပေးမှုတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပါတီခေါင်းဆောင်အဖြစ် အနိုင်ရရှိကြောင်း အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က တိုကျိုမြို့တော်ရှိ ပါတီဌာနချုပ်က ကြေညာခဲ့ပြီးနောက် အီရှီဘာကို ၎င်း၏ လုပ်ဖော်ကိုင်ဘက်များက ၀ိုင်းဝန်းဂုဏ်ပြု ခဲ့ကြသည်။

“ပြည်သူတွေရဲ့ ယုံကြည်မှုရဖို့၊ အမှန်တရားကို ရဲဝံ့စွာထုတ်ဖော်ပြောဆိုဖို့နဲ့ နိုင်ငံအတွင်း ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ဖို့ ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု အီရှီဘာက ပြောကြားခဲ့သည်။

အီရှီဘာသည် ၂၀၁၂ ခုနှဏ်က ပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ဂျပန်၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်သည့် ရှင်ဇိုအာဘေးကို ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအကြိမ်တွင် ပါတီခေါင်းဆောင်နေရာကို ရရှိခဲ့ ခြင်းဖြစ်သည်။

အီရှိဘာက သူသည် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကဲ့သို့ ခက်ခဲသည့် လူမှုပြသနာများကို ဖြေရှင်းရာတွင် အတွေ့အကြုံရှိသဖြင့် ထိပ်သီးခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

LDP ပါတီနှင့် လူထုအကြား သဘောကွဲလွဲစေသည့် အရှုပ်တော်ပုံများ ပေါက်ပေါက်ခဲ့ချိန်တွင် အီရှီဘာ၏ မျှတသည့် သဘောထားကြောင့် ယခုကဲ့သို့ ပါတီခေါင်းဆောင်နေရာကို ရရှိခဲ့ခြင်းဖြစ်သည်ဟု တိုကျိုတက္ကသိုလ် မှ နိုင်ငံရေးပါမောက္ခ ယူအူချီယာမာက ပြောကြားခဲ့သည်။

ဂျပန်၏ ကွန်ဆာဗေးတစ် LDP ပါတီသည် ဂျပန်နိုင်ငံကို ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်ခဲ့ပြီး လွှတ်တော်၏ နေရာအများဆုံးကို ထိန်းချုပ်ထားသဖြင့် အီရှီဘာသည် အောက်တိုဘာ ၁ ရက်တွင် လွှတ်တော်၌ ဝန် ကြီးချုပ်အဖြစ် ရွေးကောက်ခံရမည်ဖြစ်သည်။

ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် သူသည် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ဒေသတွင်းလုံခြုံရေး ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

ပြည်တွင်းရေးတွင်လည်း အီရှီဘာသည် စီပွားရေးကို ပြန်လည်နာလန်ထူရမည်ဖြစ်ပြီး ယန်းငွေကြေးတန်ဖိုး ကျဆင်းနေမှုကို ပြန်လည်မြင့်တက်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ပါတီခေါင်းဆောင်ရွေးကောက်ပွဲ ပထ မအကျော့တွင် ကိုယ်စားလှယ်လောင်းကိုးဦး အထိပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထိုပထမအကျော့ရွေးကောက်ပွဲတွင် အီရှီဘာနှင့်တာကာအီချီတို့က မဲအများဆုံး ရရှိခဲ့ပြီးနောက် ဒုတိယအကျော့ ရွေးကောက်ပွဲအဖြစ် ထပ်မံမဲပေးရွေးချယ်ရာတွင် အီရှီဘာက အနိုင်ရခဲ့ခြင်း ဖြစ်သည်။

လက်ရှိ LDP ပါတီ၏ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် ပါတီခေါင်းဆောင်အဖြစ် ထပ်မံ ယှဉ်ပြိုင်ခဲ့ခြင်း မပြုသည့်အတွက် ခေါင်းဆောင်သစ်ကို ရွေးကောက်တင်မြှောက်ရခြင်းဖြစ်ပြီး အနိုင်ရသူသည် ပါတီခေါင်းဆောင်အဖြစ် သုံးနှစ်ကြာ တာဝန်ယူရမည်ဖြစ်သည်။

Ref:AFP

                                               

Most Read

Most Recent