ဂိုးသမား အယ်လစ်ဆန် ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ အတည်ပြု

ဂိုးသမား အယ်လစ်ဆန် ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု လီဗာပူးလ်နည်းပြ အာနယ်ဆလော့ အတည်ပြု
Photo: Reuters
Photo: Reuters
Published 6 October 2024

 

လီဗာပူးလ်အသင်းဂိုးသမား အယ်လစ်ဆန်အနေဖြင့် ပဲလေ့စ်အသင်းနှင့်ပွဲတွင်ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း နည်းပြဖြစ်သူ အာနယ်ဆလော့က အတည်ပြုပြောကြားခဲ့သည်။

ဘရာဇီးလက်ရွေးစင်ကစားသမားဖြစ်သူ အယ်လစ်ဆန် (၃၂ နှစ်) သည် အောက်တိုဘာ ၅ ရက်က ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ယာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၇၉ မိနစ်တွင် လူစားလဲခဲ့ရသည်။ 

ယင်းပွဲတွင် ဒုတိယဂိုးသမားဖြစ်သူ ကိုအင်ဟင်းကယ်လာဟာမှာ နေမကောင်းသဖြင့် မပါဝင်နိုင်သောကြောင့် တတိယဂိုးသမားဖြစ်သူ ဗီဂျက်ဆလက်ဗ်ယာရော့ချ် (၂၃ နှစ်) က အစားထိုးဝင်ရောက်ကစားခဲ့ရသည်။

"ကစားသမားတစ်ယောက်က အဲဒီလို ပုံစံနဲ့ထွက်သွားရရင် ဆိုလိုတာက ဘရာဇီးလ် လူစာရင်းမှာ သူမပါနိုင်တော့ပါဘူး။ (ဘရာဇီးလ်အသင်း၏) ပထမပွဲအပြီးမှာ သူပါဝင်နိုင်ဖို့ ကျွန်တော်မမျှော်လင့်ထားပါဘူး။ ရက်သတ္တပတ်နည်းနည်းလောက် အချိန်ယူရနိုင်တယ်။ အယ်လစ်ဆန်က ကျွန်တော်တို့ရဲ့ နံပါတ် ၁ ဂိုးသမားပါ။ သူက ကမ္ဘာ့အကောင်းဆုံးဂိုးသမားလည်း ဟုတ်ပါတယ်။ ဒီဒဏ်ရာက သူကိုယ်တိုင်အတွက်ရော အသင်းအတွက်ပါ ထိုးနှက်ချက်ပါပဲ" ဟု ဆလော့က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ အယ်လစ်ဆန်အနေဖြင့် ယခု ဒဏ်ရာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားမည့် ဘရာဇီးလ်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပြီဖြစ်သည်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ကလည်း ပွဲစဉ်နှစ်ပွဲစလုံးကို အယ်လစ်ဆန်လွဲချော်မည်ဟု လီဗာပူးလ် အသင်းထံမှ အကြောင်းကြားမှုရရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent