စစ်ကိုင်းနှင့် မန္တလေးတို့တွင် ကျပ် ၂၇ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် ၄၁၂ ကီလို၊ ကဖင်း ၃ တန်တို့နှင့်အတူ မူးယစ်ဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ

စစ်ကိုင်းနှင့် မန္တလေးတို့တွင် ကျပ် ၂၇ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် ၄၁၂ ကီလို၊ ကဖင်း ၃ တန်တို့နှင့်အတူ မူးယစ်ဂိုဏ်းအဖွဲ့အား ဖမ်းဆီးရမိ
Published 21 November 2024

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ကျပ် ၂၇ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ် ၄၁၂ ကီလို၊ ကဖင်း ၃ တန်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၅ ရက် နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံတွင် ကလေးဝမှ ကလေးဘက်သို့ စိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာသည့် FUSO ၁၂ ဘီး ယာဉ်ကို သတင်း အရရှာဖွေရာ ယာဉ်ပေါ်မှ ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများတင်ပို့ရောင်းချခဲ့ကြသည့် မြင့်နိုင်ဦး(ခ)မောင်စိုးနှင့် ဇော်ဝင်းထွန်း (ခ)နိုင်ဝင်းထွန်း(ခ)နားကားတို့အား မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက်ရှိ နေအိမ်တွင်လည်းကောင်း၊ ဘရန်မွန်း(ခ)ဇော်တန်အား မဟာအောင်မြေမြို့ နယ်၊ မဟာမြိုင် (၁)ရပ်ကွက်တွင် လည်းကောင်း၊ ရန်နိုင်အား မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက် တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီအချိန် အဆိုပါ မူးယစ်ဆေးဝါးများအား ကလေးမြို့တွင်လက်ခံသိုလှောင်၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ တင်ပို့ရောင်းချသူများဖြစ်ကြသည့် လားထန်ဦးယာ အား ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ(၁၀)တွင် တစ်ဖက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန် နှင့်လည်းကောင်း၊ သောက်နယ်လွယ်(ခ)ပုသောက် အား ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၃)ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်အဖက်တမင်း) ၄၁၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလိုနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၆ ရက်နေ့တွင် မန္တလေးမှ ကလေးမြို့သို့ မူးယစ်ဆေးဝါးများတင်ပို့ခဲ့သည့် ဝင်းဌေးအောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့၍ ၎င်းတင်ပို့ခဲ့သည့် မူးယစ်ဆေးဝါးများအားလက်ခံ သိုလှောင်ထားသည့် လှမိုး(ခ)ဆန်းလွင် အား ကလေးမြို့၊ လှိုင်သာယာရပ်ကွက်ရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ဆေးဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးများအား မန္တလေးမြို့တွင် တစ်ဆင့်ပြန်လည် ရောင်းချသူမှာ ရော်ကျိန်ရန်(ခ)အားကွိုက် ဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ငွေကြေးလွှဲပြောင်းလက်ခံဆောင်ရွက်ပေးသူမှာ ၎င်း၏ဇနီး မအားမိန် ဖြစ်ကြောင်းသိရှိရသဖြင့်ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တွင်ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်နေ စိုးဝင်း ၏ အစီအမံဖြင့် မူးယစ်ဆေးဝါးများ မန္တလေးတွင် လက်ခံသိုလှောင်ဖြန့်ဖြူးပို့ဆောင်ပေးသူ ရဲဇော်အောင်(ခ)အားဖ အား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိနေအိမ်၌ ဘိန်းဖြူ ၈၉ ဒသမ ၈ ကီလို နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ကျပ် ၂၇ ဒသမ ၅ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၅၁ သန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်း ၃ တန်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကလေးမြို့တွင်သိုလှောင်၍ မြန်မာ-အိန္ဒိယနယ်စပ်တွင် တစ်ဘက်နိုင်ငံမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများနှင့် ချိတ်ဆက် သယ်ဆောင်ရောင်းဝယ်ခဲ့ကြောင်းနှင့် အလားတူ ထိန်းချုပ်ဓာတုပစ္စည်းများ တစ်ဘက်နိုင်ငံမှ တရားမဝင်တင်သွင်းခဲ့ကြသည့် မူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်(၂၁)ဦးအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့်ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent