မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့ကို (၅)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး စကော့တလန်သား ကြံ့ခိုင်ရေးနည်းပြကို ပြန်လည်ခေါ်ယူရန် ညှိနှိုင်းနေ

မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖွဲ့ကို (၅)ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး စကော့တလန်သား ကြံ့ခိုင်ရေးနည်းပြကို ပြန်လည်ခေါ်ယူရန် ညှိနှိုင်းနေ
Photo: MFF
Photo: MFF
Published 27 September 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည်  မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြအဖွဲ့ကို  အဖွဲ့ဝင် (၅) ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို ပြန်လည်ခေါ်ယူရန် ညှိနှိုင်းနေကြောင်း သိရသည်။

MFF သည်  မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြနှစ်ဦးအဖြစ် ဦးဇော်ဝင်းထွန်း၊ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်တို့ (၄)ဦးကို တာဝန်ပေးအပ်ထားပြီး ကြံ့ခိုင်ရေးနည်းပြအဖြစ် စကော့တလန်နိုင်ငံသား ရစ်ဖ်ရစ်ချတ်ဟောလော့ကို ပြန်လည်ခေါ်ယူရန် ညှိနှိုင်းနေခြင်းဖြစ်သည်။

MFF သည်  မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဦးမျိုးလှိုင်ဝင်းအား တာဝန်ပေးခန့်အပ်လိုက်ကြောင်းကိုသာ တရားဝင်သတင်းထုတ်ပြန်ထားပြီး ကျန်နည်းပြအဖွဲ့ဝင်များအား တာဝန်ပေးခန့်အပ်ထားကြောင်းကို စက် တင်ဘာ(၂၅) ရက်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ထောက်နည်းနည်းပြနှစ်ဦးအနက် ဦးဇော်ဝင်းထွန်းသည်  မြန်မာအမျိုးသားလက်ရွေးစင်အသင်းတွင် လက်ထောက်နည်းပြအဖြစ် ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဂျာမနီနိုင်ငံသား နည်းပြ ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

ဦးမင်းသူမှာမူ မြန်မာအမျိုးသားလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဟောင်းတစ်ဦးဖြစ်ကာ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်) တွင် နည်းပြအဖြစ် နောက်ဆုံးဆောင်ရွက်ခဲ့သည်။

ဂိုးနည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်မှာမူ နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာ လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုအခါ MFF က သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆို ထားခြင်းဖြစ်ကြောင်း သိရသည်။

ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ပေးခန့်အပ်ရန်MFF က ညှိနှိုင်းနေသည့် စကော့တလန်နိုင်ငံသား ရစ်ချတ်ဟောလော့မှာလည်း ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဧပြီအတွင်းက MFF နှင့် နှစ်ဦး သဘောတူလမ်းခွဲထားခြင်းဖြစ်ကြောင်း သိရသည်။

စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် MFF နှင့် လမ်းခွဲပြီးနောက် ထိုင်းလိဂ်-၃ ကလပ် ထရန့်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ (၂၅)ရက် (ယခုလ) အထိ တာဝန်ထမ်းဆောင်လျက်ရှိသည်။

MFF နှင့်  စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့တို့၏ ညှိနှိုင်းနေမှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သဘောတူညီမှုရရန် နီးစပ်နေပြီဖြစ်သည်။

MFF သည် ၎င်းကို ကြံ့ခိုင်ရေးနည်းပြအဖြစ် ခန့်အပ်နိုင်ပါက အောက်တိုဘာလဆန်းပိုင်းမှသာ လာရောက်ပူးပေါင်းနိုင်မည်ဖြစ်သည်။

မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဦးမျိုးလှိုင်ဝင်းသည် လက်ရှိတွင် အသင်းကို ပဏာမကစားသမား(၃၉) ဦးဖြင့် ရွေးချယ်ဖွဲ့စည်းထားပြီး ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်မှစ၍ လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး အောက်တိုဘာနှင့် နိုဝင်ဘာတွင် ကစားမည့် နိုင်ငံတကာခြေစမ်းပွဲများအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent