သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဝမ်းအဖြေကို ဓာတ်ခွဲစစ်ဆေးနေကြောင်းသိရ

သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဝမ်းအဖြေကို ဓာတ်ခွဲစစ်ဆေးနေကြောင်းသိရ
Published 6 July 2024

သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးတာဝန်ရှိသူများ ဝမ်းအဖြေဓာတ်ခွဲစစ်ဆေးနေကြောင်း သာကေတမြို့နယ်ရှိ လူမှုကူညီရေးအသင်းများမှ ဇူလိုင် ၆ ရက်က သိရသည်။

ထို့ပြင် ရေတွင်း၊ရေကန်နှင့် သုံးရေများကို ကလိုရင်းဆေးခတ်မှုများကိုလည်း လူမှုကူညီရေးအသင်းများကလိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

သာတေမြို့နယ်၊ အနော်မာရပ်ကွက်ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက '' အနော်မာရပ်ကွက်ထဲမှာ အသက်ဆုံးရှုံးမှုက ရှိနိုင်တယ်။ ဒါပေမဲ့ ဘာရောဂါမှ မရှိဘဲ ဝမ်းလျောပြီး တစ်ခါထဲရပ်သွားတာတော့ မဟုတ်ဘူး။ ရောဂါအခံတွေရှိနိုင်တယ် " ဟုပြောကြားသည်။ 

ထိုသို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူများထဲမှ တစ်ဦး၏ ဝမ်းအဖြေကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဓာတ်ခွဲစမ်းသပ်နေပြီးမည်သည့်ပိုးတွေ့ရှိကြောင်းအဖြေကို မသိရှိရသေးကြောင်း အဆိုပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

" အခုလောလောဆယ် ဝမ်းအဖြေကို ဓာတ်ခွဲစမ်းသပ်ထားတဲ့သူ အနော်မာထဲမှာ တစ်ယောက်ရှိတယ်။ အဲဒီလူက လောလောဆယ်ဆယ် ဆေးရုံမှာပါ။ ဓာတ်ခွဲခန်းအဖြေမထွက်ဘဲနဲ့ ဒီဟာကို ကာလဝမ်းရောဂါလား၊ ကူးစက်ရောဂါလားဆိုတာ မသိနိုင်သေးပါဘူး။ အခုကြိုတင်ကာကွယ်တဲ့အနေနဲ့ သန့် ၄ သန့်နဲ့ဆောင်ရွက်နေကြပါတယ်။ အစားသန့်ရမယ်၊ ရေသန့်ရမယ်၊ တကိုယ်ရေသန့်ရှင်းမှုရှိရမယ်၊ အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု ရှိရမယ် " ဟု ၄င်းက ပြောကြားသည်။

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုအဖြေပေါ် မူတည်၍ အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ရန် အသင့်အနေအထား ပြင်ဆင်ထားကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။ 

ထို့ပြင် အနော်မာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ကျန်းမာရေးဌာနက ဇူလိုင် ၄ ရက်က စတင်၍ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်ထားပြီး လူမှုကူညီရေးအသင်းများက ပူးပေါင်းကူညီပေးလျက်ရှိသည်။  

'' မနေ့ကဆိုရင် ဝမ်းပျက်ဝမ်းလျှောနေတဲ့သူ ၁၆ ယောက်လောက် လာပြတာရှိတယ်။ သူတို့ဘာသာ လမ်းလျှောက်ပြီးလာပြတယ်။ သွားနိုင်တယ်။ လာနိုင်တယ်။ ဝမ်းတော့သွားနိုင်တယ်။ ကျွန်တော်တို့ ဓာတ်ဆားရေတွေပေးတယ်။ တကယ်လို့ လိုအပ်တယ်။ သွေးပေါင်ကျနေတယ်။ ဝမ်းကလည်း သွားနေတယ်ဆိုရင် ဒီမှာ ဆေးပုလင်းချိတ်တယ်။ ဒီကနေပြီးတော့ သာကေတမြို့နယ်အကြီးဆုံး ဆရာဝန်ကြီးက ဆန်းစစ်ပြီးသွားမှ တကယ်လွှဲသင့်တယ်ဆိုမှ ဆေးရုံကိုလွှဲတယ်။ မလွှဲသင့်ဘူးဆိုရင် ဒီမှာပဲ တစ်ခါထဲ သွေးပေါင်ပြန်တက်အောင်၊ ဝမ်းပိတ်အောင်လုပ်တယ်။ ကလိုရင်းဆေးခတ်တာတွေ လုပ်ပါတယ် " ဟု အဆိုပါကျန်းမာရေးဆေးပေးခန်းတွင် ပရဟိတကူညီပေးနေသူတစ်ဦးက ပြောကြားခဲ့သည်။ 

ဝမ်းပျက်ဝမ်းလျှော၍ ဆေးရုံရောက်လာသူများကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အချက်အလက်ယူဆန်းစစ်ကြည့်ရာမှ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်နေထိုင်သူအရေအတွက်များနေ၍ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် မြို့နယ်မှ ဆရာဝန်များ၊ WHO မှာတာဝန်ရှိသူများ ဇူလိုင် ၅ ရက်တွင် အနော်မာရပ်ကွက်နှင့် ထူပါရုံရပ်ကွက်တို့တွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်တွင်လည်း သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၆ ရက်တွင်ကလိုရင်းဆေးများကို  တစ်အိမ်ဆင်း၊ တစ်အိမ်တက်လိုက်လံဆေးခတ်ပေးခဲ့ကြောင်း သိရသည်။ 

'' တစ်အိမ်တက်၊ တစ်အိမ်ဆင်း ကလိုရင်းဆေးခတ်ပေးနေတာပါ။ ကျွန်တော်တို့ ရပ်ကွက်အတွင်းက သေဆုံးသူတော့ မရှိပါဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်နေတာပါ " ထူပါရုံရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ် ရပ်ကွက်အချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် ယင်နားစာရောင်းချသည့် ဆိုင်များကို ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန်သက်ဆိုင်ရာက အသံချဲ့စက်ဖြင့် ဇူလိုင် ၅ ရက်က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။ 

■ ပုံစာ - သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်အတွင်း  သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းက နေအိမ်များအတွင်း ကလိုရင်းဆေးခတ်ပေးနေသည်ကို ဇူလိုင် ၆ ရက်ကတွေ့ရစဉ်(ဓာတ်ပုံ - ကြည်နိုင်)

■ ပုံစာ - သာကေတမြို့နယ်၊ အနော်မာရပ်ကွက်အတွင်း အစားအသောက်ရောင်းချသည့် လမ်းဘေးစျေးဆိုင်များ ပိတ်ထားသည်ကို ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)