■ အပ်ထည်ပုံစံမကျဟုဆိုကာ စတင်စကားများရာမှ အပ်ချုပ်သူအမျိုးသမီး  ဓားဖြင့် ထိုးသတ်ခံရမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

■ အပ်ထည်ပုံစံမကျဟုဆိုကာ စတင်စကားများရာမှ အပ်ချုပ်သူအမျိုးသမီး  ဓားဖြင့် ထိုးသတ်ခံရမှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 8 September 2024

အပ်ထည်ပုံစံမကျဟုဆိုကာ စတင်စကားများရာမှ အပ်ချုပ်သူအမျိုးသမီး  ဓားဖြင့် ထိုးသတ်ခံရမှု တောင်ဥက္ကလာပမြို့နယ်တွင်စက်တင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်၊ မွန်းလွဲပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ သီရိဇေယျာ ၁၈ လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီရိဇေယျာ ၁၈ လမ်းရှိ အပ်ချုပ်ဆိုင်မှ အပ်ချုပ်သူအမျိုးသမီးအား အပ်ထားသည့် အပ်ထည်ပုံစံမကျရာမှ စတင်စကားများခဲ့ခြင်းဖြစ်သည်ဟု ကနဦး သတင်းများအရ သိရသည်။

"အပ်ထည်ပုံမကျလို့ စကားများရန်ဖြစ်တာကနေ ဖြစ်တာလို့ သိရပါတယ်။အပ်ချုပ်ဆိုင်က အမျိုးသမီးကို အပ်ထည်အပ်တဲ့ အမျိုးသမီး စကားများကြတာပါ။အဲ့ကနေ အပ်ထည်အပ်တဲ့သူရဲ့ ခင်ပွန်းဖြစ်သူပါလာပြီး သူက အပ်ချုပ်ဆိုင်က အမျိုးသမီးကို ဓားနဲ့ထိုးသွားတာပါ"ဟု အဆိုပါ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ပြောကြားသည်။

အပ်ချုပ်ဆိုင်မှ အမျိုးသမီး၏ ဖခင်ဖြစ်သူမှာလည်း ဝင်ရောက်တားမြစ်ရာမှ ဓားဖြင့်ထိုးခံရကြောင်း သိရသည်။

ဓားဖြင့် ထိုးခံရသည့် အပ်ချုပ်ဆိုင်မှ အမျိုးသမီးနှင့်  ဖခင်ဖြစ်သူအား မေတ္တာသီတာရေစင်ပရဟိတအသင်းမှ ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အပ်ချုပ်သည် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"သတင်းရလို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့တာပါ။ အမျိုးသမီးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပါတယ်"ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မေတ္တာသီတာရေစင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှ သေဆုံးသူ အမျိုးသမီးမှာ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ၎င်း၏ ဖခင်မှာ အသက်ငါးဆယ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးတွင် အသက် ၇ နှစ်အရွယ် သားလေးတစ်ဦးရှိသည့်အပြင် ကိုယ်ဝန်ဆောင်ထားရကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျုးလွန်သူများအား ဖမ်းဆီးရမိလျှင် သတင်းထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

■  ဓာတ်ပုံ - မေတ္တာသီတာရေစင်ပရဟိတအသင်း၊ CJ

 

Most Read

Most Recent