တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာတချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာတချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်
Published 25 July 2024

တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြေ နိမ့် ရပ်ကွက်နှင့် ကျေးရွာတချို့ ရေကြီးမှုဖြစ် ပေါ်နေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်ရေမှာ မြစ်ဖျားပိုင်းတွင် မိုး သည်း ထန်စွာရွာခြင်းနှင့် တနင်္သာရီမြို့နယ် အတွင်း မိုးသည်း ထန်စွာ ရွာသွန်းနေသည့် အတွက် ဇူလိုင်လ ၂၄ ရက်မှစတင်ပြီး မြစ်ရေ တက်လာခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့ တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၇ ပေကို ကျော်လွန်သွားပြီး ၁၈ ဒသမ ၆ ပေ အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ သည်။

“တနင်္သာရီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၁၇ ပေသတ်မှတ်ထားတယ်၊ ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းမှာ ၁၈ ဒသမ ၆ ပေအထိ ရောက်လာနေပြီ  မြို့ထဲက ရွှေလိပ်ပြာလမ်း အပါအဝင် မြေနိမ့်ရပ်ကွက် တွေ ရေကြီးမှုဖြစ် ပေါ်နေပါတယ်၊ မြစ်ဖျားပိုင်းနှင့် မြို့ ပတ်ဝန်း ကျင်မှာလည်း မိုးသည်းနေတုန်းဖြစ်တဲ့ အ တွက် မြစ်ရေထပ်တိုးလာမယ့်အနေထားတွေ ရှိနေတယ်၊ ဒေသခံ တချို့ကတော့ ပစ္စည်းတွေ ရွှေ့ ပြောင်းတာ၊ လူရွှေ့ပြောင်းတာတို့တော့ လုပ်နေကြပြီ”ဟု တနင်္သာရီမြို့မှ ဒေသခံ တစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေမှာ မြစ်ဖျားပိုင်းဖြစ် သည့် ထားဝယ်ဒေသဘက်တွင် မိုးရွာသွန်းမှု များပြားပါက မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိ ကြောင်း သိရသည်။

“ ဒေသခံတွေကတော့ ဒုက္ခအစုံအလင်ပါပဲပြောလို့ကို မကောင်းတော့ဘူး၊ အခုမြစ် ရေကြီးတက်လာ နေတဲ့အတိုင်းဆို ရင်ကျေး ရွာတွေမှာလည်းရေကြီးနေပြီ။ ဆက်သွယ်ရေး တွေလည်း ပြတ်တောက်၊လမ်းတွေကလည်း သွားလာဖို့မလုံခြုံ၊ ဒုက္ခတွေကတော့ တစ်ခု ပြီး တစ်ခုပါပဲ၊ ကူညီကယ်ဆယ်ရေးတွေလုပ် ဖို့နေနေသာသာ ကိုယ့်ကိုယ်ကိုယ်ရှင်သန်ဖို့ ပဲကြိုးစားနေရတဲ့သူတွေ များနေပြီ၊ တတ်နိုင် သမျှ ရင်ဆိုင်ဖြတ်သန်းရမှာပဲ” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

တနင်္သာရီမြစ်ရေ တက်လာမှုကြောင့် ရေနစ်မြုပ်နေသည့်ကျေးရွာအရေအတွက် မသိရှိ ရသေးသလို ဆက်သွယ်ရေးများလည်း ပြတ်တောက်နေသည်ဟုသိရသည်။ ယခုရက် ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံ မှုများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသသတင်း များအရ သိရှိရသည်။

တနင်္သာရီမြစ်ရေကို တိုင်းထွာသတ်မှတ် ရာတွင် စိုးရိမ်ရေမှတ်မှာ ၁၇ ပေ ( ၅၁၈ ဒသမ ၁၆ စင်တီမီတာ ) ဖြစ်ပြီး အန္တရာယ်ရေမှတ် မှာ ၂၄ ပေ ( ၇၃၁ ဒသမ ၅၂ စင်တီမီတာ) ဖြစ်ကြောင်း သိရသည်။

အန္တရာယ်ရေအမှတ်ဖြစ်သည့် ၂၄ ပေ သို့ ရောက်ရှိသွားပါက တနင်္သာရီမြို့နှင့် ကျေး ရွာအများစု ရေနစ်မြုပ်သွားသလို ရန်ကုန်-မြိတ်-ကော့သောင်း ပြည်ထောင်စု လမ်းမကြီး လည်း ရေနစ်မြုပ်သွားလေ့ရှိကြောင်း သိရ သည်။                       

 

    ဇော်မိုးဦး(မြိတ်)

Most Read

Most Recent