မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း တောင်ကျရေကြောင့်  လမ်းကျိုးပျက်ပြီး သွားလာ၍မရတော့ဘဲ လမ်းဟောင်းမှသွားလာရန် မော်တော်ယာဉ်အများအပြား စောင့်ဆိုင်းနေရ

မိုးရက်ဆက်ရွာသွန်းခြင်းကြောင့် ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်း တောင်ကျရေကြောင့်  လမ်းကျိုးပျက်ပြီး သွားလာ၍မရတော့ဘဲ လမ်းဟောင်းမှသွားလာရန် မော်တော်ယာဉ်အများအပြား စောင့်ဆိုင်းနေရ
Published 25 July 2024

ဇူလိုင်တတိယပတ်မှစတင်ကာ မိုးရက်ဆက်ရွာသွန်းနေခြင်းကြောင့် ဒေါနတောင်ကျော် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင် လမ်း၊ ၁၀၁၈ လမ်းတို့တွင် တောင်ကျရေ ကြောင့် လမ်းကျိုးပျက်ကာ သွားလာမရတော့ ကြောင်း သိရသည်။

သို့ဖြစ်၍ ကုန်တင်ယာဉ်နှင့် ခရီးသွား ယာဉ်များမှာ မြဝတီ-ကော့ကရိတ် ဒေါန တောင်ကျော်လမ်းဟောင်းမှ သွားလာရန် ယာဉ် အများအပြား စောင့်ဆိုင်းလျက်ရှိ ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတွေက တောင်ပေါ် မိုးတအား များတော့၊လုံးဝသွားလာလို့မရတော့ပါဘူး၊ အမှန်အတိုင်းပြောရရင် လမ်းဟောင်းက လည်း ဂိတ်ကြေးတွေများ၊လမ်းကပိတ်၊အရင် ကတစ်ညအိပ်ခရီးကို ခုကားတစ်ခါဆင်းရင် တစ်ပတ်ကြာတယ်။ ဂိတ်ကြေးက အသွား အပြန်  ကျပ် ခုနစ်သိန်းကုန်တယ်၊ဆီဖိုးနဲ့ စား စရိတ်နဲ့ဆို အနည်းဆုံး ၁ဝသိန်းကုန်ပါတယ်။ဘာမှအဆင်မပြေတော့ပါ။ လမ်းဟောင်းက သွားရဖို့ မြဝတီဘက်မှာ ကားတွေထောင်ချီ စောင့်ဆိုင်းနေသလို ကော့ကရိတ်ဘက်မှာ လည်း ထောင်ကျော်တယ်။ ကုန်ကားတွေ။ကျွန်တော်မနေ့ည၆နာရီက တက်လာတာ ၁၁နာရီလောက်မှာရောက်ပါတယ်။ဝှေရှမ်း တံတားရေကျော်နေလို့ ညီနောင်ဘက်လာလို့ ရလို့တော်သေးတယ်” ဟု ယာဉ်ငယ်မောင်းသူ တစ်ဦးက ဆိုသည်။

ထို့အတူ ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက (ဘားအံ - ထီလုံ - သရက်တော - နဘူး - ထို့ ကော်ကိုး - မြဝတီလမ်း)ပိုင်ရှိ တံတား အမှတ်(၂^၃၃) နောင်ခွီးတံတား ခြေရင်း မြေသားကျိုးပျက်ကာ မော်တော်ယာဉ်များသွားလာ၍မရတော့ကြောင်း သိရသည်။

ဘားအံ - ထီလုံ - သရက်တော - နဘူး - ထို့ကော်ကိုး - မြဝတီလမ်းပိုင်းတွင် ရေ တိုက်စားမှုကြောင့် တံတားကျိုးကျမှု အ ခြေအနေ ဖြစ်နေ၍ ခရီးသွားများအနေဖြင့် လတ်တလောလမ်းကြောင်းပေါ်ရောက်နေပါက  ကျုံဒိုးချောင်းဖျား-နဘူးလမ်း၊ ကျုံဒိုး-တံတားကျိုး-နဘူးလမ်း၊ သာမညကနေ-နဘူး ဘက်ထွက်သည့်လမ်းစသည့် လမ်းကြောင်း များမှအခြေအနေ စုံစမ်းရွေးချယ်သွားလာ နိုင်ကြောင်း ကော့ကရိတ်မြို့မှဒေသခံ တစ်ဦး က ပြောကြားသည်။

မြဝတီနယ်စပ် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအတွက် တစ်ခုတည်းသော ဒေါနတောင်ကျော်လမ်းဟောင်းမှာ သွား လာရန်မော်တော်ယာဉ်ထောင်ချီ စောင့်ဆိုင်း လျက် ရှိကြောင်းနှင့် အရှေ့အနောက်စီးပွား ရေးစင်္ကြံလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှ သွားလာခွင်ပြုဖို့မျှော်လင့် နေကြကြောင်းလည်း မြဝတီ-မော်လမြိုင် ခရီးသည်နှင့်ကုန်ပစ္စည်းပို့ဆောင် ရေးယာဉ် ငယ် မောင်းသူတစ်ဦးက ပြောကြားသည်။

ကိုရွှေသိန်း (မြဝတီ)

Most Read

Most Recent