မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံ မှ ဆည်ရေ မလာသဖြင့် စပါးပျိုးခင်းများ ပျက်စီးခြင်း နှင့် မန္တလေးကျုံးအတွင်း ရေမဝင်သဖြင့် ကျုံးရေ အသုံးပြုနေသည့် နေရာအချို့ ရေပြတ်တောက်

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံ မှ ဆည်ရေ မလာသဖြင့် စပါးပျိုးခင်းများ ပျက်စီးခြင်း နှင့် မန္တလေးကျုံးအတွင်း ရေမဝင်သဖြင့် ကျုံးရေ အသုံးပြုနေသည့် နေရာအချို့ ရေပြတ်တောက်
Published 25 July 2024

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဆည်တော်ကြီးရေလှောင်တမံမှ ဆည်ရေမလာသဖြင့် စပါးပျိုးခင်းများပျက်စီးခြင်း၊ မန္တလေးကျုံးအတွင်း ရေဝင်မှုမရှိသဖြင့် ကျုံးရေအသုံးပြုနေသည့် နေရာအချို့ ရေပြတ်တောက်မှုဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

ဆည်တော်ကြီးစခန်းကို MDY PDF က ဝင်ရောက်တိုက်ခိုက်ပြီး ယင်းနေရာတစ်ဝိုက်အား PDF များက ထိန်းချုပ်ထားခဲ့ပြီးနောက် ဆည်တော်ကြီးရေလှောင်တမံတွင် ရေလွှတ်ရန်ဝန်ထမ်းများမရှိတော့သည့် အပြင် ရေထိန်းတံခါးများကိုလည်း သော့ခတ်ထားသဖြင့် ဆည်ရေမလာခြင်းဖြစ်သည်ဟု ဒေသခံအချို့ပြောကြားမှုအရ သိရသည်။ 

မတ္တရာမှာတိုက်ပွဲတွေဖြစ်ပြီးတော့ ဆည်တော်ကြီးမှာ ဝန်ထမ်းတွေလည်း မရှိတော့ဘူးလို့သိရတယ်။အဲဒီတော့ ဆည်ရေကို ဘယ်သူမှလွှတ်ပေးမယ့်သူလည်းမရှိဘူးလို့သိရသည်။ လောလောဆယ် ဆည်ကို PDF တွေက လောလောဆယ်ထိန်းချုပ်ထားတယ်ပြောရမှာပေါ့ ဟု မတ္တရာမြို့နယ်မှ ဆည်ရေသောက်စိုက်ပျိုးရေး လုပ်ကိုင်ရသည့် ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးကပြောကြားသည်။

ထိုသို့ဆည်ရေမလာသဖြင့် စပါးပျိုးခင်းများပျက်စီးမည့် အခြေအနေနှင့် ကြုံနေရသည်ဟု ဒေသခံအချို့က ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ ဒေသခံတစ်ဦးက “ အခုလက မဂျမ်းတောဆန်စိုက်ရမယ့်ကာလ။ ရေမရလို့ မစိုက်နိုင်တော့ဘူး။ ဆည်ရေလာတဲ့ ကျောက်မီးမြောင်းထဲ ရေလုံးဝခမ်းနေပြီ ဟု ပြောကြားသည်။

ထို့ပြင် မန္တလေးကျုံးတွင်းသို့ ဆည်တော်ကြီးရေဝင်ရောက်ခြင်းမရှိသဖြင့် ကျုံးရေအဓိကထားသုံးစွဲနေရသည့် ချမ်းအေးသာစံနှင့်အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်အချို့သည် ရေပြတ်တောက်မှုဒဏ်ကိုခံနေရပြီး ရေဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။

" ဆည်တော်ကြီးရေဝင်မှုလုံးဝမရှိတော့တာကြောင့် ကျုံးရေဝင်ရောက်မှုက နည်းပါးလာတယ် ။အဲဒါကြောင့် မန္တလေးမြို့အနောက်ပြင် ၊အရှေ့ပြင်ရပ်နေသူတွေ အခက်ခဲကြုံရတယ် ။ရေတွန်းစက်ရုံက ရေအသုံးပြုရတဲ့မြို့နယ်တွေကတော့ ဒီပြသနာမရှိဘူး။ စည်ပင်သာယာရေပေးရေးအနေနဲ့ကတော့ ဒီပြသနာကို ပြန်ဖြေရှင်းနိုင်ဖို့ စီစဉ်နေပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

ဆည်တော်ကြီးရေလှောင်တမံမှ ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်အနည်းငယ်ထွက်ပြီး လက်ရှိတွင်လည်း ဆည်တော်ကြီးမှ လျှပ်စစ်ဓာတ်အားထွက်ရှိခြင်းမရှိတော့ကြောင်း မန္တလေးမြို့မှ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထိုသို့ဆည်ရေမလာသဖြင့် စပါးပျိုးခင်းများပျက်စီးသည့် အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက  လူမှုကွန်ရက်တွင် ထုတ်လွှင့်ထားသည့် ရုပ်သံမှတ်တမ်းအချို့လည်း ပျံ့နှံလျက်ရှိသည်။

လက်ရှိတွင် ဆည်တော်ကြီးရေလှောင်တမံမှာ ဇူလိုင် ၁၂ ရက်မှစတင် ရေမလာတော့သဖြင့် ဆည်ရေသောက်စနစ်ဖြင့် စပါးစိုက်ပျိုးရန် ပျိုးထားသည့် ပျိုးခင်းများသည် မြေများပတ်ကြားအက်လျက်ရှိကာ ပျိုးခင်းများ စတင်ပျက်စီးလျက်ရှိကြောင်းသိရသည်။

ဆည်တော်ကြီးမှ ရေမလွှတ်သဖြင့် ရေမလာခြင်းသည် ဇူလိုင် ၂၆ ရက်ခန့်အထိဖြစ်ပေါ်နေပါက ပျိုးခင်းအားလုံးနီးပါး ပျက်စီးမည့်အခြေအနေရှိပြီး ပျိုးခင်းများပျက်စီးပါက ယခုနှစ်စပါးစိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ဒီနှစ်အဖို့တာတော့ ဘာမှမဖြစ်သေးဘူး။ လာမယ့်နှစ်ကတော့ မန္တလေးအကုန်လုံး၊ မန္တလေးကဟာတွေ ထမင်းငတ်မယ်။ ရေမလာတော့ ပျိုးခင်းကဒီလိုဖြစ်သွားပြီ။ ပျိုးခင်းဒီလိုဖြစ်သွားလို့ ဒီနှစ်မစိုက်ရရင် ဒီနှစ်မငတ်သေးဘူး။ လာမယ့်နှစ်မှာ ငတ်မှာ။ ဒီနှစ်ကြတော့ မငတ်ကြသေးဘူးပေါ့ဗျာ။ လာမည့်နှစ်ကြရင်တော့ အားလုံး အတူတူငတ်ကြတာပေါ့။ နီတာတွေ၊ စိမ်းတာတွေ၊ ပြာတာတွေနားမလည်ဘူး။ အကုန်လုံးငတ်မှာပဲ။ တစ်နိုင်ငံလုံးပဲ။ ဆည်တော်ကြီးရေမလာလို့ရှိရင် အနီတစ်ယောက်ထဲလည်း ငတ်မှာမဟုတ်ဘူး။ အစိမ်းတစ်ယောက်ထဲလည်းငတ်မှာမဟုတ်ဘူး။ အပြာတစ်ယောက်ထဲလည်း ငတ်မှာမဟုတ်ဘူး။ အဝါတစ်ယောက်ထဲလည်း ငတ်မှာမဟုတ်ဘူး အကုန်လုံး ညီတူညီမျှငတ်ကြတာပေါ့ ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဆည်တော်ကြီးရေလှောင်တမံမှ ဆည်ရေသည် နတ်တော်၊ ပြာသို၊ တပို့တွဲသုံးလခန့်သာ ရေမလာဘဲ တပေါင်းလမှစကာ တစ်နှစ်ပတ်လုံး ရေလာကြောင်း ဒေသခံတစ်ဦး၏ ရုပ်သံထုတ်လွှင့်မှုတွင် ပြောကြားမှုအရသိရသည်။

ယခုကဲ့သို့ ဆည်ရေမရရှိသဖြင့် ပျိုးခင်းများပျက်စီးမှုသည် ဆည်ရေသောက်ဧရိယာများဖြစ်သည့် မကျီးကျိုး၊ မကျီးကိုင်း၊ ကန်ရိုး၊ မိုင် ၄၀၊ တံတိုင်းရှည်၊ အုန်းချော၊ ရေကြည်အိုင်ကြီး၊ မတ္တရာ စသည့်နေရာများအားလုံးတွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း အထက်ပါဒေသခံ၏ရုပ်သံဖိုင်တွင် ပြောကြားမှုအရသိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ၁၀၂၇ ခုနှစ် စစ်ဆင်ရေး ဒုတိယပိုင်းဟုဆိုကာ ဇွန်လကုန်ပိုင်းတွင်စတင်၍ တိုက်ပွဲများဖော်ဆောင်ရာတွင် TNLA အဖွဲ့နှင့် စစ်ရေးလှုပ်ရှားနေသည့် MDY PDF အဖွဲ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာတွင် ဆည်တော်ကြီးရေလှောင်တမံရှိ ဆည်တော်ကြီးစခန်းကိုလည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent