ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ် တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာသည့် အခြေအနေ ဖြစ်ပေါ်လာစေရေး အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက အတွင်းရေးမှူး ပြောကြား

ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ် တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာသည့် အခြေအနေ ဖြစ်ပေါ်လာစေရေး အစိုးရ၊ ဗဟိုဘဏ်နှင့် ဘဏ်များ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက အတွင်းရေးမှူး ပြောကြား
Published 11 July 2024

ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ် တည်ငြိမ်မှု၊ လုံခြုံမှုနှင့်ခိုင်မာသည့် အခြေအနေဖြစ်ပေါ်လာစေရေး အစိုးရ၊ ဗဟိုဘဏ်နှင့်ဘဏ်များ ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ပြောကြားသည်။

ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲ အမှာစကားပြောကြားရာတွင် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အရေးပါသော ငွေရေးကြေးရေးကဏ္ဍအတွင်း ကြီးမားသောတာဝန်များ ထမ်းဆောင်နေကြ သည့် ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရနှင့် ဗဟိုဘဏ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်၏ ငွေကြေးစနစ် တည်ငြိမ်မှုရှိပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အပြန်အလှန် နားလည်မှုများ အပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ ဖိတ်ခေါ်တွေ့ဆုံ ခြင်းဖြစ်ကြောင်း၊ ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ် တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာမှု ထိန်းသိမ်းရေးကို တစ်ပါတည်း ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ယင်းအခြေအနေကို ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ ဗဟိုဘဏ်နှင့် ဘဏ်များ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက အတွင်းရေးမှူးက ပြောကြားသည်။

ဘဏ်များ၏ လိုအပ်ချက်ကို အစိုးရနှင့် ဗဟိုဘဏ်တို့က ပံ့ပိုးနေသကဲ့သို့ ဘဏ်များကလည်း နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစနစ်ဖြင့် ယှဉ်ပြိုင်ခြင်းထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီးအုပ်ခြင်း၊ စျေးကစားမှုပြုခြင်းများကြောင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်တားဆီး ပေးရမည်ဖြစ်ကြောင်း၊ အလားတူ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးပါက သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်ချက်များနှင့်အညီ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း နစက အတွင်းရေးမှူးက ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် စျေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟိုဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှု များသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ထိပါးလာသည့်အတွက် အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ ငွေကြေး အမြောက်အများထုတ်ယူခြင်း၊ ကောလဟလသတင်းများအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန်လည်း လိုအပ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်းအင်အား နည်းပါးလာခြင်းအပေါ် ဘဏ်များ၏ ဝန်ဆောင်မှုလုပ်ငန်းများ လစ်ဟာမှုမရှိစေရန် အကြိမ်ကြိမ် ကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်စေလိုကြောင်း၊ ဘဏ်များတွင် နိုင်ငံသား လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရန် လိုအပ်ကြောင်း၊ Card စနစ်များ၊ e-Banking ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ ဝန်ဆောင်မှု အရည်အသွေး အပြည့်အဝရှိသည့် ဘဏ်ခွဲများကို ကျစ်ကျစ်လစ်လစ်ဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း နစက အတွင်းရေးမှူးက ပြောကြားသည်။

နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ အောင်မြင်စေရေးအတွက် နိုင်ငံတော်အစိုးရသည် ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်နေချိန်တွင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝ ကာကွယ်စောင့်ရှောက်မည့် ပုဂ္ဂိုလ်များအဖြစ် အားကိုးအားထားပြုပြီး ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဘဏ်တာဝန်ရှိသူများ အဆင့်ဆင့်က အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ အစိုးရ၊ အများပြည်သူနှင့် ဘဏ်များအကြား သုံးဦးသုံးဖလှယ်အကျိုးရှိသည့် Win-Win-Win Situation ရရှိစေရေး ကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်း နစက အတွင်းရေးမှူးက ပြောကြားသည်။

ထို့နောက် နစကတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နစကအဖွဲ့ဝင်နှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဘဏ်များ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ယင်းနောက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက ခိုင်မာအားကောင်းသည့် ငွေရေးကြေးရေးကဏ္ဍ ဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဘဏ်လုပ်ငန်းရှင်အများစုသည် စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း ဖြစ်သဖြင့် ကန်ထရိုက်လယ်ယာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ များတွင် လုပ်ငန်းစုများ အသင်းစုများအဖြစ် တိုးချဲ့၍ ပူးပေါင်းရင်းနှီးမြှုပ်နှံသင့်ကြောင်း၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက် ပြည်တွင်း၌ စက်ရုံ/အလုပ်ရုံများ တည်ဆောက်၍ Value Add ထုတ်ကုန်များ ထုတ်လုပ်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နစက အတွင်းရေးမှူးက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent