ဘုရားသုံးဆူမြို့တွင်  မူးယစ်ဆေး သုံးစွဲထားသည့် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့် မယားပါ သားသမီးနှစ်ဦးအား သတ်မှုဖြစ်ပွား

ဘုရားသုံးဆူမြို့တွင်  မူးယစ်ဆေး သုံးစွဲထားသည့် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့် မယားပါ သားသမီးနှစ်ဦးအား သတ်မှုဖြစ်ပွား
Published 9 June 2024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က မူးယစ်ဆေး သုံးစွဲထားသည့် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့် မယားပါ သားသမီး နှစ်ဦးအား သတ်ဖြတ်မှု ဖြစ်ပွားခဲ့ ကြောင်းမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ဘုရားသုံးဆူမြို့၊ အမှတ် (၂) ရပ်ကွက်၊ ရေတွင်းလမ်းတွင်နေထိုင်သည့် ပန်းရောင်းသည့်အလုပ်လုပ်ကိုင်သူ အသက် (၃၀) နှစ် အရွယ်အမျိုးသားမှာ ဆေးကြောင်ကာ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ခဲ့ပြီးနောက်၊ ကလေးနှစ်ဦးအား လမ်းအတွင်းရှိ ရေတွင်းထဲသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ရေတွင်းထဲကို ပစ်ချခံရတဲ့ ကလေးနှစ်ယောက်က အကြီးမလေးက ငါးနှစ်၊ အငယ်လေးက ယောက်ျား လေး။ သူက သုံးနှစ်ပဲ ရှိသေးတယ်။ အဲ့ဒီ ကလေး နှစ်ယောက် အသတ်ခံရတဲ့ အမျိုး သမီးရဲ့ ပထမအိမ်ထောင်နဲ့ ရထားတဲ့ ကလေး တွေလို့ သိရတယ်။ ကလေးတွေရဲ့အလောင်း က မနေ့က (ဇွန်လ ၇ ရက်နေ့)မှ ရေတွင်းထဲ ကနေ ပေါ်လာတာပါ” ဟု ပြောကြားသည်။

ဆေးကြောင်ပြီး ဇနီးဖြစ်သူ နှင့် မယားပါ သားသမီး နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် အမျိုး သားအား ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖမ်းဆီးထားကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့ နယ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ဌာန ဆိုင်ရာရုံးများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်းတွင်၊ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်  DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ  ပူးပေါင်းကာ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း မြို့ခံများထံမှ သိရသည်။