ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)၏ လေလံစျေးကို ကျပ် ၁၅ ဘီလျံလျှော့ချပြီး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)၏ လေလံစျေးကို ကျပ် ၁၅ ဘီလျံလျှော့ချပြီး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်
Published 28 June 2024

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ  ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့်  ခြံအမှတ်(၅၄) လေလံစျေးအား ကမာရွတ်ခရိုင်တရားရုံးက ကျပ် ၁၅ ဘီ လျံလျှော့ချပြီး ကျပ်ဘီလျံ ၃၀၀ သတ်မှတ်ခဲ့ ကြောင်း တရားရေးအသိုင်းအဝန်းနှင့်နီးစပ်သူများထံမှ သိရသည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ  ခြံအမှတ် (၅၄) အား  ကျပ် ၃၁၅ ဘီလျံဖြင့် လေလံတင်ရောင်းချပွဲကို မတ် ၂၀ ရက်က အဆိုပါခြံရှေ့တွင် ပြုလုပ်ရာ လေလံဆွဲမည့်သူ မရှိသဖြင့် လေလံပွဲအောင်မြင်ခြင်းမရှိခဲ့ပေ။

ခြံအမှတ်(၅၄)အား လေလံတင် ရောင်းချရန် ကြမ်းခင်းစျေးကို ကျပ်သိန်းပေါင်း ,၁၅၀,၀၀၀(ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ်မှတ်ကြောင်း ကမာရွတ်ခရိုင်တရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချ မှတ်ပြီး လေလံပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကာ လေလံပွဲမအောင်မြင်သဖြင့် ဦးအောင်ဆန်းဦးဘက်မှ လေလံစျေးအား ကျပ် ၂၈၅ ဘီလျံသို့ လျှော့ချသတ်မှတ်ရန် တရားရုံးသို့လျှောက်ထားခဲ့ရာ တရားရုံးက ကြားနာမှုများပြုလုပ် ပြီးနောက် လေလံစျေးကို ကျပ်ဘီလျံ ၃၀၀ သို့လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုထပ်မံသတ်မှတ်ခဲ့သည့် လေလံစျေးဖြင့် ခြံအမှတ်(၅၄)အားလေလံရောင်းချပွဲကို သြဂုတ် ၁၅ ရက်တွင် ကျင်းပမည်ဟုလည်း သိရသည်။

ခြံအမှတ် (၅၄) အား ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမွေခွဲဝေမှုအပေါ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦး လျှောက်ထားတောင်းဆိုသည့် အတိုင်း ခြံအမှတ် (၅၄) တစ်ခုလုံးအား လေလံတင်ရောင်းချပြီး ရရှိလာသည့်တန်ဖိုးကို ခွဲဝေရယူရန် အမိန့်ချမှတ်ထားကာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကမာရွတ်ခရိုင် တရားရုံးက လေလံကြမ်းခင်းစျေး သတ်မှတ်သည့် အမိန့်ချမှတ်ပေးခြင်းဖြစ်သည်။

ခြံအမှတ် ၅၄ ဧရိယာအကျယ်အဝန်းမှာ ဒသမ ၉၂၃ ဧက ကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိသည်။

လက်ရှိတွင် တက္ကသိုလ်ရိပ်သာလမ်းအနီးတစ်ဝိုက်တွင် ကာလမြေပေါက်စျေးအရ ခြံအမှတ် (၅၄) လေလံစျေးမှာများပြား လျက်ရှိကြောင်း အိမ်ခြံမြေကျွမ်းကျင်သည့် စီးပွားရှင်လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

ယခုလေလံကြမ်းခင်းစျေးမှာ မူလပေါက်စျေးထက် များပြားနိုင်သဖြင့် ယင်းငွေပမာဏအား ဝယ်ယူနိုင်မည့် ငွေဖြူကိုင်ဆောင်ထားသူ ပြည်တွင်း၌မရှိသလောက်နည်းပါးနိုင်ကြောင်း အထက်ပါစီးပွားရေးလုပ်ငန်း ရှင်က ပြောကြားသည်။                                               

အဆိုပါခြံအမှတ် (၅၄) သည် ဒေါ်ခင်ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက်ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့်မြေတစ်ဝက်ကို  ဒေါ်အောင်ဆန်းစုကြည်အားလည်းကောင်း၊ တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးအား လည်းကောင်းခွဲဝေယူရန် အမိန့်ချမှတ်ထားသည်။

သို့ရာတွင် ဦးအောင်ဆန်းဦးက တရား ရုံး၏ ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်းတစ်ခုလုံးအား လေလံပစ်ပြီးရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံတက်ခဲ့သော်လည်း ထိုစဉ်က ယခင်အမိန့်အတိုင်းသာ အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် အမွေဆိုင်အမှုအပေါ် တရားရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦးအောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံအား ပလပ်ခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အထူးအယူခံလျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှုကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့သည်။

Most Read

Most Recent