ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင် ရောင်းဝယ်ခဲ့သည့် ဆန်စပါး လုပ်ငန်းရှင် ခုနစ်ဦးနှင့် One Stop Mart၊ City Mart Holding ကုမ္ပဏီ၊ Sein Gay Har Holding ကုမ္ပဏီ၊ Aeon Orange တို့မှ တာဝန်ရှိသူ လေးဦးအား ဥပဒေအရ အရေးယူမည်

ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင် ရောင်းဝယ်ခဲ့သည့် ဆန်စပါး လုပ်ငန်းရှင် ခုနစ်ဦးနှင့် One Stop Mart၊ City Mart Holding ကုမ္ပဏီ၊ Sein Gay Har Holding ကုမ္ပဏီ၊ Aeon Orange တို့မှ တာဝန်ရှိသူ လေးဦးအား ဥပဒေအရ အရေးယူမည်
Published 30 June 2024

ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင်ရောင်းဝယ်ခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနစ်ဦးနှင့် One Stop Mart၊ City Mart Holding ကုမ္ပဏီ၊ Sein Gay Har Holding ကုမ္ပဏီ၊ Aeon Orange တို့မှ တာဝန်ရှိသူ လေးဦးအား အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လုပ်ငန်းရှင်များသည် စီးပွားရေး ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းဝယ်လျက် ရှိသောကြောင့် အများပြည်သူမှာ ဆန်ဝယ်ယူစားသုံရန် အခက်အခဲများဖြစ်ပေါ်ပြီး ကြပ်တည်းမှုများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက် ဈေးနှုန်းထက် အမြတ်အစွန်း ပိုမိုရယူကာ ရောင်းချမှု ရှိ၊ မရှိအား လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ် စစ်ဆေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။ 

စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောစျေးကွက် စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ သတ်မှတ်စျေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိသည်ကို စိစစ်တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

သို့ဖြစ်၍ သတ်မှတ်စျေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောစျေးကွက် စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ခုနှစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အနော်ရထာစက်မှုဇုန်မှ Global Myanmar Trading ကုမ္ပဏီ ဒါရိုက်တာ ဦးလင်းကိုကိုနိုင်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်မှ ရတနာပုံဆန်စက်ပိုင်ရှင် ဦးကျော်ဇော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်မှ Kanbawza ဆန်ရောင်းဝယ်ရေးလုပ်ငန်း ပိုင်ရှင် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၄)ရပ်ကွက်မှ သိင်္ဂီဆန်စက်ပွဲရုံ ဒါရိုက်တာ ဦးလင်းထွဋ်နိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်မှ စိန်ငါးပွင့်ဆန်ဆိုင်တာဝန်ခံ ဦးသိန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၅)ရပ်ကွက်မှ သစ္စာရှင် ဆန်/ဆီရောင်းဝယ်ရေး ပိုင်ရှင် ဦးအောင်တင်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး အိမ်ထောင်သည်လိုင်းမှ သန့်ဆန်ဆိုင်တာဝန်ခံ ဦးဝင်းဇော်တို့ဖြစ်ပြီး ၎င်းတို့အား ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ စျေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့်ဆန်အိတ်များ (Consumer Package)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော စျေးကွက်စျေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချလျက်ရှိကြောင်း သိရှိရသည့်အတွက် စျေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီး ၅၃ ဆိုင်၏ ဆန်ရောင်းဝယ်မှုအခြေအနေများအား လုံခြုံရေးအဖွဲ့အစည်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

စစ်ဆေးတွေ့ရှိချက်အရ အထက်ပါ စျေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများသည် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့်ဆန်အိတ်များ (Consumer Package)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော စျေးကွက်စျေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်အစွန်းရယူကာ ရောင်းချလျက်ရှိသည့် စတိုးဆိုင် တစ်ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိသည့် စျေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိသည့် စျေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း၊ ထို့အပြင် စျေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့သည် ၎င်းတို့၏ ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြင့်တင့်ရေးစရိတ်များကိုပါ အကျိုးအမြတ်ရယူရောင်းချသည့်နှုန်းများတွင် မလိုလားအပ်ဘဲ ထည့်သွင်းတွက်ချက်၍ ရောင်းဝယ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

စစ်ဆေးတွေ့ရှိရသည့်ဆိုင်များအနက် သတ်မှတ်စျေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် စျေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် စျေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသောစျေးကွက် စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သော စျေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သည့် One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် နေထိုင်သည့် City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင် (အနောက်)ရပ်ကွက်တွင် နေထိုင်သည့် Sein Gay Har Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၇)ရပ်ကွက်တွင် နေထိုင်သည့် Aeon Orange ဒါရိုက်တာ Mr. Kasamatsu Hiroshi တို့အား  ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

ထိုသို့ ဆန်စျေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများသည် ဆန်စျေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေးစျေးကွက် တည်ငြိမ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ပြည်သူလူထု၏ စားဝတ်နေရေး အကြပ်အတည်းဖြစ်စေရန် ပြည်တွင်းဆန်စျေးကွက်အတွင်း၌ ဆန်စျေးနှုန်းများကို သင့်တင့်မျှတသော စျေးနှုန်းထက် ပိုမိုရောင်းချဆောင်ရွက်နေသူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

ပြည်သူလူထုအနေဖြင့်လည်း ဆန်စျေးကွက်အတွင်း ဝယ်ယူစားသုံးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော စျေးကွက်စျေးနှုန်းထက် ပိုမို၍ အမြတ်အစွန်းများစွာရယူရောင်းချနေကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများသို့ လျှို့ဝှက်စွာသတင်းပေးပို့နိုင်ကြောင်း နစကမှ ထုတ်ပြန်သည်။