မြစ်ကြီးနားမြို့တွင် ရေကြီးမှုဒဏ်အား အိမ်ထောင်စု ထောင်နှင့်ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အ၀ လုပ်နိုင်ခြင်းမရှိသေး

မြစ်ကြီးနားမြို့တွင် ရေကြီးမှုဒဏ်အား အိမ်ထောင်စု ထောင်နှင့်ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အ၀ လုပ်နိုင်ခြင်းမရှိသေး
Published 2 July 2024

မြစ်ကြီးနားမြို့တွင် ရေကြီးမှုဒဏ်အား အိမ်ထောင်စု ထောင်နှင့်ချီ ထိခိုက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ အပြည့်အဝ လုပ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မြစ်ကြီးနား၊ ဝိုင်းမော်၊ ခတ်ချို၊ နောင်ဟီး၊ စန်းကား၊ ဦးလောက်၊ ရွာသစ်၊ တာလောကြီး ပြည်သူများ အထိအခိုက်များပြားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားအနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကြက်ပေါင်ခြံ၊ ရမ်ပူ၊ လယ်ကုန်း၊ မြို့သစ်ကြီး စသည့် အနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များမှာ နှစ်ထပ်အိမ်များအထိ နှစ်မြုပ်ခဲ့သည်ကို တွေ့ရသည်။

လယ်ကုန်းရပ်ကွက် ဒေသခံတစ်ဦးက “လယ်ကုန်းအောင့်ချိုင့်ခေါ်တဲ့နေရာက အရင်က ဘယ်သူမှမနေတဲ့ ချိုင့်လေ။ အဲဒါရွှေဘို၊ ရေဦးဘက်ကတွေ စစ်ပြေးလာပြီး အခုနှစ်ပိုင်းထဲ ဆောက်ပြီးနေတာ။ အိမ်တွေ ရာချီမယ်။ အားလုံးက အမိုးမမြင်ရသေးဘူး။ ရက်ကန်းသမားတွေ၊ ပန်းရံနှင့် လက်လုပ်လက်စားအဖွဲ့တွေများတယ်။ အခုကိုမှ တစ်ချို့အိမ်တွေက ခေါင်မိုးတွေမှာ တက်နေကြတာ။ ကယ်ဆယ်ရေးတွေလည်း မလာနိုင်ဘူးလေ။ ဆုံးရှုံးချက်ကတော့ အားလုံးကို ထိသွားတာ။ စားဖို့၊ ရောင်းဖို့ စိုက်ထားတာတွေ အကုန်ရေနစ်တော့ ဒါပြီရင် စားဝတ်နေရေးက ပိုကျပ်တည်းအုံးမှာ။ မြို့က အရင်ကနဲ့ မတူဘူး။ ရှိသမျှ စစ်ပြေးက မြစ်ကြီးနားဘက် စုလာတာ” ဟု ဆိုသည်။

ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းအထိ အကူအညီတောင်းခံသူများရှိနေဆဲဖြစ်ပြီး စားစရာနှင့် သောက်ရေအခက်အခဲများလည်း ရှိနေဆဲဖြစ်ကြောင်း ကူညီနေသူများက ဆိုသည်။

လူမှုကူညီရေးအသင်းတွင် ကူညီနေသူ ကိုမောင်ကျော်က “ရေကလည်း ရက်ချင်းတက်လာတယ်။ အကူအညီပေးနိုင်တဲ့ အဖွဲ့တွေကလည်း အင်အားက မရှိကြဘူး။ နောက်ပြီးမြစ်ကြီးနားက ဆီဆိုင်ကြီးတွေက ဆီမရောင်းတော့ဘူး။ လမ်းဘေးဆိုင်မှာ စျေးကြီးပေးဝယ်နေရတာ။ လှေရှိသူက ဆီမရှိတော့ မကူညီနိုင်ဘူး။ အဲဒီလိုတွေ ပရမ်းပတာဖြစ်နေတာ။ အစိုးရအဖွဲ့ကလည်း လမ်းညွှန်ချက်သီးခြားပေးပြီး မကူနိုင်ဘူး။ တပ်နဲ့ရဲကလည်း သူတို့ဝန်းကျင်လေးတင်ပဲ ကူညီနိုင်ပြီး အပြင်မထွက်ရဲဘူး။ အကုန်လုံးက ရှိသမျှ ပစ်ထား။ အသေးအပျောက်တွေတောင် ရှိနေနိုင်တယ်။ ဘယ်သူမှ မသိကြဘူး။ တရုတ်ငှက်ပျောခြံတွေဆိုရင် အလုပ်သမားတွေ ထောင်ချီပြီးရှိတယ်။ ဘယ်သူမှ သွားမကယ်နိုင်ဘူး။ လက်နက်ကိုင်အဖွဲ့တွေရှိတော့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက လွပ်လွပ်လပ်လပ် မသွားရဲတဲ့သဘောရှိတယ်” ဟု ဆိုသည်။

တာဆန်းနှင့် မိုင်းမောရွာကြားရှိ ပလပ်စတစ်စက်ရုံပေါ်တွင် လူပေါင်း ၆၀ ကျော် ပိတ်မိနေပြီး ဇူလိုင် ၂ ရက် မနက်သုံးနာရီတွင် အကူညီတောင်းလာသည့်အဖွဲ့များအား ယင်းတို့မှ ဆက်သွယ်နိုင်သမျှ ဖုန်းများကို ဆက်နေသော်လည်း မည်သည့်ကယ်ဆယ်ရေးအဖွဲ့မှ ရောက်မလာကြောင်း၊ သောက်ရေး၊စားစရာများ ပြတ်လပ်နေကြောင်း ပြောကြားသည်။

လက်ရှိတွင် မြစ်ကြီးနားမြို့ရှိ ရေဘေးရှောင်ဦးရေမှာ စနစ်တကျစစ်တမ်းကောက်ယူနိုင်သည့် အနေအထားပင် မရှိသည်ကို တွေ့ရသည်။

ဇူလိုင် ၁ ရက် ည ၁၂ နာရီတွင် ၁၄၀၆ စင်တီမီတာကို ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၂ ရက်လယ်ပိုင်းတွင် သုံးပေကျော် ပြန်လည်ကျဆင်းလာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ယင်းမှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေနီးပါးကျန်ရှိနေပါသေးသည်။

မိုးလေဝသနှင့် ဇလဇေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များတွင် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။ နောက်နှစ်ရက်အတွင်း စစ်ကိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent