FIFA-MFF ယူ-၁၇ ပြိုင်ပွဲ ချန်ပီယံဆုအဆုံးအဖြတ်ပွဲဖြစ်သည့် ရှမ်းနှင့် ရခိုင်ပွဲကို ဇူလိုင် (၁၀)ရက်တွင် ကျင်းပမည်

FIFA-MFF ယူ-၁၇ ပြိုင်ပွဲ ချန်ပီယံဆုအဆုံးအဖြတ်ပွဲဖြစ်သည့် ရှမ်းနှင့် ရခိုင်ပွဲကို ဇူလိုင် (၁၀)ရက်တွင် ကျင်းပမည်
Published 4 July 2024

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ကစားမည့် ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ပွဲကို မူလသတ်မှတ်ရက်ထက် နောက်ဆုတ်၍ ဇူလိုင် (၁၀) ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်တစ်ခုသာလိုတော့ပြီး နောက်ဆုံးပွဲစဉ် (၂၂)ကို ဇူလိုင် (၅၊ ၆၊ ၇) ရက်တွင် ကျင်းပရန်စီစဉ်ထား ခြင်းဖြစ်သည်။

သို့သော် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ပေးအပ်မည်ဖြစ်သောကြောင့် ယင်းဆုများအတွက် အကျုံးဝင်နေသည့် ဇူလိုင် (၇) ရက်တွင် ကစားမည့် (၂)ပွဲကို ဇူလိုင် (၁၀) ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

MFF သည် တတိယဆုရရန် သေချာနေသည့် နေပြည်တော်ယူနိုက်တက်အသင်းနှင့် ရွိုင်ရယ်ရန်ကုန် ကစားမည့်ပွဲကို ဇူလိုင်(၁၀) ရက်၊ နံနက် (၇) နာရီခွဲတွင် ဗဟန်းကွင်း၌ လည်းကောင်း၊ ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ရှမ်းအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းပွဲကို ယင်းနေ့ ညနေ (၄)နာရီတွင် သုဝဏ္ဏကွင်း၌လည်းကောင်း ကျင်းပမည်ဖြစ်သည်။

ပွဲစဉ် (၂၁)အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက ရမှတ် (၅၄)မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်နေပြီး ရှမ်းအသင်းက ရမှတ် (၅၃)မှတ်ဖြင့် ဒုတိယ၊ နေပြည်တော်ယူနိုက်တက်အသင်းက ရမှတ် (၄၇) မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ ရခိုင်အသင်းသည် သရေကစားရုံဖြင့် ချန်ပီယံဆုရရှိမည်ဖြစ်သည်။

Most Read

Most Recent