မန်ယူအသင်း၏လစာအများဆုံးကစားသမားထဲတွင် တစ်ဦးအပါအဝင်ဖြစ်လာရန် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အလိုရှိနေကြောင်း Daily Mail ဖော်ပြ

မန်ယူအသင်း၏လစာအများဆုံးကစားသမားထဲတွင် တစ်ဦးအပါအဝင်ဖြစ်လာရန် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် အလိုရှိနေကြောင်း Daily Mail ဖော်ပြ
Photo: Bruno Fernandes X
Photo: Bruno Fernandes X
Published 6 June 2024

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သည် အသင်းတွင် လစာအများဆုံး ရရှိနေသည့် ကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်လာရန် အလိုရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် မန်ယူအသင်းမှာ ရလဒ်ဆိုးများဖြင့် ရုန်းကန်ခဲ့ရသော်လည်း ဘရူနိုဖာနန်ဒက်စ်မှာမူ ခြေစွမ်းပြနိုင်ခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၈) ပွဲတွင် (၁၅) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး မန်ယူအသင်းမှာ FA ဖလား ရရှိခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိသေးသည့်အပြင် (၁)နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါ ရှိနေသော်လည်း ယခုရက်သတ္တပတ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းအပါအဝင် အခြားထိပ်တန်းအသင်းများနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။

ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၂ ခုနှစ်တွင် မန်ယူအသင်းနှင့် (၄) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုထားပြီး တစ်ပတ်လစာ ပေါင် (၂၄၀၀၀၀) ရရှိနေကြောင်း သိရှိရသည်။

သို့သော် ဘရူနိုဖာနန်ဒက်စ်သည် မန်ယူအသင်းတွင် တန်ဖိုးထားမခံရဟု ခံစားနေရပြီး အသင်းတွင် လစာအများဆုံးရရှိနေသည့် ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ကက်စီမီရိုတို့လို လစာမျိုး ရရှိလိုနေကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် တစ်ပတ်လစာ ပေါင် (၃၆၀၀၀၀)၊ ဆန်ချိုသည် တစ်ပတ်လစာ ပေါင် (၃၀၀၀၀၀)နှင့် ကက်စီမီရိုသည် တစ်ပတ်လစာ ပေါင် (၃၅၀၀၀၀) ရရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

မန်ယူအသင်း၏ ရှယ်ယာပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်သည် ဘရူနိုဖာနန်ဒက်စ်အား အသင်း၏အကောင်းဆုံးကစားသမားအဖြစ် ရှုမြင်နေပြီး ၎င်းကို ရောင်းထုတ်လိုခြင်း မရှိကြောင်း မီဒီယာများက ဖော်ပြနေကြသည်။

ဘရူနိုဖာနန်ဒက်စ်က ၎င်း၏အနာဂတ်မှာ မရေမရာဖြစ်နေသော်လည်း ၎င်းအနေဖြင့် မန်ယူအသင်းတွင်သာ ဆက်ရှိနေလိုကြောင်းလည်း ပြောကြားထားသည်။ 

 

Most Read

Most Recent