နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် လူ ၄၃၃ ဦးသေဆုံးကာ မျောပါပျောက်ဆုံးသူ ၇၉ ဦး၊ စပါးစိုက်ဧက ခုနစ်သိန်းရှစ်သောင်းကျော်ထိခိုက်ပျက်စီး

နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် လူ ၄၃၃ ဦးသေဆုံးကာ မျောပါပျောက်ဆုံးသူ ၇၉ ဦး၊ စပါးစိုက်ဧက ခုနစ်သိန်းရှစ်သောင်းကျော်ထိခိုက်ပျက်စီး
Published 28 September 2024

စက်တင်ဘာ ၂၇ ရက် နံနက်အထိ ရရှိထားသည့် စာရင်းများအရ နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် လူ ၄၃၃ ဦးသေဆုံးကာ မျောပါပျောက်ဆုံးသူ ၇၉ ဦး၊ စပါးစိုက်ဧက ခုနစ်သိန်းရှစ်သောင်းကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း စာရင်းဇယားများအရ နိုင်ငံအဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊ ရုံးဌာနအဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင် ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ချက်နှင့် မူဝါဒများချမှတ်ပေးခဲ့ကြောင်း၊ အဆိုပါလမ်းညွှန်ချက်များနှင့် မူဝါဒများကိုလည်း သက်ဆိုင်ရာကော်မတီများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှုကိုလည်း သုံးသပ်နေရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်အကန့်အသတ်များရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိဆောင်ရွက်လျက်ရှိပြီး ဘေးဒုက္ခရောက်သည့်နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များမရောက်မရှိ မဖြစ်စေရေး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက နည်းလမ်းမျိုးစုံဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းမစတင်မီ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ပြီး ထောက်ပံ့ပေးအပ်မှုများကို ဆွေးနွေးတိုင်ပင်ပြီး အတည်ပြုရာထား နှုန်းထားအပေါ်မူတည်၍ အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိနေရာ၊ မိမိဒေသရှိ ကိုယ့်အိမ်၊ ကိုယ့်ရာများသို့ ပြန်လည်သွားရောက်ပြီး အမြန်ဆုံးပြုပြင်နေထိုင်ခြင်းဖြင့် လုံခြုံမှုရှိပြီး ရေရှည်ကောင်းမွန်သည့် လူမှုဘဝကို တည်ဆောက်နိုင်မည်ဆိုသည်ကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့ပြင် ထောက်ပံ့မှုအပိုင်းများတွင် လစ်ဟာမှုမရှိစေရေးအတွက် စနစ်တကျတွက်ချက်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှု၊ ကျောင်းများနှင့် သာသနိက အဆောက်အဦများပျက်စီးမှု၊ စိုက်ပျိုးရေးသီးနှံများ ပျက်စီးမှုနှင့်အခြား ပျက်စီးမှုများကို ကဏ္ဍအလိုက် တိတိကျကျဆွေးနွေးပေးကြရန်လိုကြောင်း  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဆက်လက်ပြောကြားသည်။

ရေဘေးသင့်ဒေသများသို့ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Most Read

Most Recent