အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့တွင် ယမန်နေ့ညပိုင်းက PDF နှစ်ဦးက ရာအိမ်မှူးတစ်ဦးကို  သေနတ်ဖြင့်ပစ်သတ်

အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့တွင် ယမန်နေ့ညပိုင်းက PDF နှစ်ဦးက ရာအိမ်မှူးတစ်ဦးကို  သေနတ်ဖြင့်ပစ်သတ်
Published 27 September 2024

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းဈေးရှေ့တွင် စက်တင်ဘာ ၂၆ ရက်ညပိုင်းက PDF နှစ်ဦး ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ သေနတ်ဖြင့်ပစ်သတ်ခံရသူ အောင်ဆန်းရပ်ကွက်တွင်နေထိုင်သည့် ရာအိမ်မှူးဦးဇော်မင်းထွန်းဖြစ်ပြီး ၎င်းသည် အောင်ဆန်းဈေးရှေ့ရှိ အသုပ်ဆိုင်တစ်ဆိုင်ဘေးတွင် ထိုင်နေစဉ် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် PDF နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်းသိရသည်။ 

ထို့နောက် ရာအိမ်မှူးဦးဇော်မင်းထွန်းအား သေနတ်ဖြင့်ပစ်ခတ်သူများသည် Taxi တစ်စီးပေါ် တက်ရောက်ထွက်ပြေးသွားခဲ့သဖြင့်  ဦးဇော်မင်းထွန်းအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း စက်တင်ဘာ ၂၆ ရက် ည  ၈ နာရီကျော်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အလားတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြို့နှင့် ဝဇီရာလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စက်တင်ဘာ ၂၀ ရက်တွင် သေနတ်ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့်  ရာအိမ်မှူးတစ်ဦး သေဆုံးကာ ရပ်ကွက်ရုံးစာရေးတစ်ဦး တစ်ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက်တွင် ဝင်ရောက်ပစ်ခတ်မှုအား PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့်  Anonymous Force(ရန်ကုန်စစ်ဒေသခွဲ)က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က Exile  မီဒီယာအချို့ကို ထုတ်ဖော်ပြောကြားထားသည်ကို တွေ့ရသည်။