SSPP/SSA  နှင့် TNLA တို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်

SSPP/SSA  နှင့် TNLA တို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်
Published 6 July 2024

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိမှုများဖြစ်ပေါ် ခဲ့ကြောင်း နှစ်ဖက်တပ်များက သတင်းထုတ်ပြန်သည်။ 

(SSPP/SSA)  အခြေချတပ်စွဲထားသည့် စခန်းများကို TNLA က ဇူလိုင် ၅ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ အပြန်လှန် တိုက် ခိုက်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု များ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဇူလိုင် ၆ ရက် တွင် (SSPP/SSA) က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလမ်းမကြီး တောင်ဘက် ခုနစ်မိုင်အကွာ ကျောက်မဲမြို့နယ်၊ လုပ်ပါ ကျေးရွာ၊ ခေးနင်းကျေးရွာအုပ်စု၌ တပ်စွဲထား သည့် (SSPP/SSA) တပ်စခန်းကို TNLA က အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ ယခု ကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း (SSPP/SSA) က သတင်းထုတ်ပြန်သည်။

ထို့ပြင် TNLA ဘက်မှ ဖိုးဝီးကားတစ်စီးဖြင့် ဘော်ကြိုရွာဖက်မှ အင်အားဖြည့်တင်းကာ ထွက်ခွာလာပြီး ကျင်သီတံတား နောက်ဘက် တွင် နေရာဖြန့်ကျက်၍ (SSPP/SSA) အထိုင်ချ တပ်စွဲထားသည့် သီပေါမြို့နယ် ကြံခင်းရွာ တပ်စခန်းကို မွန်းလွဲ ၁ နာရီကျော်တွင် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ များ ထပ်မံဖြစ်ပွားခဲ့ကြောင်း (SSPP/SSA)  က သတင်းထုတ်ပြန်သည်။

သီပေါမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင်း TNLA က ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်နေစဉ် သီပေါမြို့နယ် ကြံခင်းရွာအနီးတွင် (SSPP/SSA) က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင် လိုက် ပါလာသည့် TNLA ၏ သီပေါမြို့နယ်မှူး သေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 

ယခင်က သီပေါမြို့နှင့် ကျောက်မဲမြို့ အား ဖြတ်သန်းသွားလာရာတွင် (SSPP/SSA) က TNLA ကို ပစ် ခတ်ခဲ့ခြင်း မရှိသော်လည်း ယခု စစ်သုံ့ပန်းများအား ခေါ်ဆောင်လာသည့် အခါ TNLA သီပေါမြို့နယ်မှူးအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း TNLA က သတင်းထုတ် ပြန်သည်။

ယင်းဖြစ်စဉ်ကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိဖြေရှင်းရန် ကြိုးပမ်းစဉ် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ 

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ မိမိတို့ PSLF/TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုကဲ့သို့ နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။