ထိုင်းဘဏ်အချို့က မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှု ရပ်ဆိုင်းမည်ဆိုခြင်းသည် သတင်းအမှားများသာဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်

ထိုင်းဘဏ်အချို့က မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှု ရပ်ဆိုင်းမည်ဆိုခြင်းသည် သတင်းအမှားများသာဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်
Published 2 September 2024

ထိုင်းဘဏ်အချို့မှ မြန်မာနိုင်ငံဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှု ရပ်ဆိုင်းမည်ဆိုခြင်းမှာ သတင်းအမှားများသာဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ Kasikorn Bank(K Bank)နှင့် Siam Commerical Bank (SCB)အပါအဝင် ဘဏ်အချို့မှ မြန်မာဘဏ်များနှင့် ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်ပေးမှုကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းအမှားများ မြန်မာပြည်သူများအကြား ပြန့်ပွားလျက်ရှိသည်။

ထိုင်းနိုင်ငံ Kasikorn Bank(K Bank), Head Office၊ Siam Commerical Bank (SCB) Myanmar တို့၏ပြန်ကြားချက်များအရ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ အပေါ်အလေးထားစစ်ဆေးခြင်း (Enhanced Due Diligence-EDD)အရ စိစစ်ခြင်းသာဆောင်ရွက်ပြီး ငွေပေးချေမှု ဆောင်ရွက်ချက်များနှင့် လုပ်ငန်းများအားလုံး ပုံမှန်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံဘဏ်များအနေဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AMLO) ညွှန်ကြားချက်နှင့်အညီ လိုက်နာပြီး ငွေကြေးဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိကြောင်း၊ သံသယဖြစ်ဖွယ်လုပ်ငန်းဆောင် ရွက်ချက်များနှင့် တရားမဝင်ဆောင်ရွက်ချက်များရှိမှသာ သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်နှင့်အညီ ဘဏ်စာရင်းပိတ်သိမ်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဘဏ်စာရင်းများမှ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်ပေးခြင်းနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုပေးရာတွင် ဘဏ်နှင့်ဆက်သွယ် ဆောင်ရွက်သူများအပေါ် အလေးထားစစ်ဆေးခြင်း လုပ်ငန်းစဉ်များဖြင့်သာ ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ ကုန်သွယ်မှုလုပ်ငန်းများသည်  တရားဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် သံသယဖြစ်ဖွယ် ဆောင်ရွက်ချက်များ မရှိသောကြောင့် ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆက်လက်ပေး  မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများသည် မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ၊ လုပ်ငန်းသုံးပစ္စည်းများ တင် သွင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုခံယူရန်၊ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာဆည်းပူးရန်၊ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ် လုပ်ကိုင်နေသူများမှ ၎င်းတို့၏ မိသားစုထံသို့ လုပ်ခလစာများ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ရန်တို့အတွက် ထိုင်းနိုင်ငံရှိ ဘဏ်များတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာဘဏ်များ၏ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လိုအပ်သော အထောက်အထားများ တင်ပြလျှောက်ထား၍ ဘဏ်စာရင်း ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ် သည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများ၏ အချက်အလက်များအား သေချာစွာ စိစစ်ရယူခြင်းဆိုင်ရာများကို တိကျစွာ လိုက်နာ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပိုင်ဘဏ်များသည် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များနှင့် ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ဆောင်ရွက်ခြင်း ၊ လိုအပ်သည့် အထောက်အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းများအား အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံဘဏ်များနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အကြား နိုင်ငံတကာ ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရန် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent