MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့  ကြေညာ

MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့  ကြေညာ
Published 2 September 2024

MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း ယနေ့(စက်တင်ဘာ ၂ ရက်)တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

The Myanmar National Democratic Alliance Army (MNDAA)အဖွဲ့၊ Ta'ang National Liberation Army (TNLA)အဖွဲ့၊ United League of Arakan (ULA)/ Arakan Army(AA)အဖွဲ့တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်သည့် အများပြည် သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာ နှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အထက်ပါအကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် The Myanmar National Democratic Alliance Army (MNDAA)အဖွဲ့၊ Ta'ang National Liberation Army(TNLA)အဖွဲ့၊ United League of Arakan (ULA)/ Arakan Army (AA)အဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

United League of Arakan (ULA)/ Arakan Army (AA)အဖွဲ့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်  ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၀)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့် အညီ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၁ ခုနှစ် မတ် ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း United League of Arakan (ULA)/ Arakan Army(AA)အဖွဲ့သည် အကြမ်းဖက်လုပ်ရပ်များကို ပြန်လည်ကျူးလွန်လာသည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိခြင်းကြောင့် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၀၂၁ ခုနှစ် မတ် ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent