ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှား၏တိုက်ခိုက်မှုများကို နေတိုးအဖွဲ့ဝင်နိုင်ငံများ ရှုတ်ချ

ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှား၏တိုက်ခိုက်မှုများကို နေတိုးအဖွဲ့ဝင်နိုင်ငံများ ရှုတ်ချ
ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်း၏ ကရစ်ဗ်ရီရစ်မြို့တွင် ထိခိုက်ပျက်စီးနေသည့် ဟိုတယ်တစ်ခုကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ်(Photo:AFP)
ရုရှား၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်း၏ ကရစ်ဗ်ရီရစ်မြို့တွင် ထိခိုက်ပျက်စီးနေသည့် ဟိုတယ်တစ်ခုကို သြဂုတ် ၂၇ ရက်က တွေ့ရစဉ်(Photo:AFP)
Published 2 September 2024

ယူကရိန်းနိုင်ငံတစ်ဝန်း ရုရှား၏ ပြင်းထန်သည့် တိုက်ခိုက်မှုများသည် ဆင်ခြင်မှုကင်းမဲ့သည့် လုပ်ရပ်များဖြစ်ကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံများက သြဂုတ် ၂၈ ရက်တွင် ဝေဖန်ရှုတ်ချခဲ့သည်။

ရုရှားသည် သြဂုတ် ၂၇ ရက်နှင့် သြဂုတ် ၂၈ ရက်တွင် ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၁ ဦးထက်မနည်းသေဆုံးကာ နိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများကို ထိခိုက်ပျက်စီးခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများကမူ ယူကရိန်းကို စစ်ရေးအကူအညီများ တိုးမြှင့်ပေးမည့် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု နေတိုးအကြီးအကဲ ဂျန်းစ်စတိုတန်ဘာ့ချ်က အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် ယူကရိန်းအရာရှိများ ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ကာကွယ်နေတဲ့ ယူကရိန်းအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ လက်နက်ခဲယမ်းတွေကို ဆက်လက်ထောက်ပံ့ရပါလိမ့်မယ်။ အဲဒါဟာ ယူကရိန်းရဲ့ ဆက်လက် တိုက်ခိုက်နိုင်စွမ်းအတွက် အဓိကကျနေပါတယ်”ဟု စတိုတန်ဘာ့ချ်က အစီရင်ခံစာတွင် ပြော ကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံ အချို့ကမူ ယူကရိန်းအား အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် လက်နက်များ အသုံးပြုမှုအပေါ် ကန့်သတ်ချက်များချမှတ်ထားမှုကို ရုပ်သိမ်းပေးရန် တောင်းဆိုနေပြီး ထိုကန့်သတ်ချက်များ ရုပ်သိမ်းခြင်းသည် ယူကရိန်း၏ ခုခံနိုင်စွမ်းကို ပိုမိုကောင်းမွန်စေလိမ့်မည်ဖြစ်ကြောင်း သံတ မန်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်ကလည်း မြေပြင်တွင်ဖြစ်ပွားနေသည့် အခြေအနေနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်ဟု နေတိုးအဖွဲ့က ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည် နိုင်ငံအရှေ့ဘက်ပိုင်း စစ်မြေပြင်တွင် ရုန်းကန်နေရပြီး ထိုစစ်မြေပြင်တွင် ပြီးခဲ့သည့် လအနည်းငယ်ကတည်းက ရုရှားတပ်များက အသာစီးရနေခြင်း ဖြစ်သည်။

ယူကရိန်းသည် ရုရှား၏နယ်စပ် ကာ့စ်ဒေသကို ဝင်ရောက်တိုက်ခိုက်နေပြီး ထိုတိုက်ခိုက်မှုကို ရုရှားက ခုခံတိုက်ခိုက်ရန် ရုန်းကန်နေရသည့်တိုင် မကြာသေးမီရက်များအတွင်း ယူကရိန်းစစ်မြေပြင်တွင် ရုရှားတပ်များသည် မြို့များ၊ ရွာများကိုသိမ်းပိုက်ခဲ့သည်။

ရုရှားသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကမူ အနာဂတ်တွင် ရုရှား၏ ဒရုန်းများနှင့် ဒုံးကျည်များကို ပစ်ချရာတွင် ယူကရိန်းကို အကူအညီပေးရန် ဥရောပလေတပ်များကို တိုက်တွန်းခဲ့သည်။

“ယူကရိန်းရဲ့ နေရာဒေသ အများအပြားမှာ ဥရောပနိုင်ငံတွေက လေတပ်တွေရဲ့ အကူအညီနဲ့ဆိုရင် လူ့အသက်တွေကို ပိုပြီးကယ်တင်နိုင်ပါလိမ့်မယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တွင် ရုရှား၏ တိုက်ခိုက်မှုများသည် မကြာသေးမီ သီတင်းပတ်များအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုများထဲတွင် ပါဝင်ခဲ့ပြီး ဒရုန်းများနှင့် ဒုံးကျည်များ ၂၃၆ စင်းဖြင့် ယူ ကရိန်း၏ဒေသ ၁၅ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖြစ်ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ထိုဒုံးကျည်များနှင့် ဒရုန်းများထဲမှ အစင်းရေ ၂၀၁ စင်းကို ပစ်ချနိုင်ခဲ့သည်ဟုလည်း ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သည်။

Ref:AFP

 

Most Read

Most Recent