အာဒိုဂန်မှာ မိမိအနိုင်ရဖူးသည့် ပထမဆုံးရုရှားဖိုက်တာမဟုတ်ကြောင်း ONE 168 ပြိုင်ပွဲမတိုင်မီ အောင်လအန်ဆန် ပြောကြား

အာဒိုဂန်မှာ မိမိအနိုင်ရဖူးသည့် ပထမဆုံးရုရှားဖိုက်တာမဟုတ်ကြောင်း ONE 168 ပြိုင်ပွဲမတိုင်မီ အောင်လအန်ဆန် ပြောကြား
Photo: ONE Championship
Photo: ONE Championship
Published 2 September 2024

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ရှာမေးလ်အာဒိုဂန်မှာ မိမိ အနိုင်ရဖူးသည့် ပထမဆုံးရုရှားဖိုက်တာမဟုတ်ကြောင်း ONE 168  ပြိုင်ပွဲမတိုင်မီ ထုတ်ဖော်ပြောကြားသည်။

အောင်လအန်ဆန်က ''တစ်ခုသော ဆိုရှယ်မီဒီယာမှာ သူက(အာဒိုဂန်) ပြောတယ်။ ကျွန်တော်က သူ့အတွက် လွယ်ကူလိမ့်မယ်ဆိုပြီး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော် ဘာမှ သူ့ကို မတုံ့ပြန်လိုပါဘူး။ ဘာမှလည်း ခွန်းတုံ့ပြန်နေမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ ဘယ်ဖိုက်တာအတွက်မှ လွယ်ကူတဲ့သူ မဟုတ်ဘူးဆိုတာပဲပြောချင်တယ်။ သူက (အာဒိုဂန်) ကျွန်တော် ထိုးသတ်ခဲ့ဖူးတဲ့   ဖိုက်တာကောင်းတွေထဲက တစ်ယောက်ဆိုတာတော့ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ထိုးသတ်ဖူးတဲ့ အကောင်းဆုံးဖိုက်တာတော့ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော် အနိုင်ယူဖူးတဲ့ ပထမဆုံးရုရှားဖိုက်တာလည်း မဟုတ်ပါဘူး။ သူက နပန်းမှာ အလွန်ကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ တိုက်ခိုက်ရေး ညဏ်ရည်ညဏ်သွေးလည်း ကောင်းပါတယ်။   ပေါက်ကွဲအားပြင်းမယ့်ပွဲ ဖြစ်လာပါလိမ့်မယ်။  ဒီပွဲက ကျွန်တော့်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က အသက်အနည်းငယ်ရလာပြီဆိုပေမဲ့ လေ့ကျင့်ရေးပိုင်းကို ပြင်းပြင်းထန်ထန်လုပ်ထားပါတယ်။ လူငယ်တွေနဲ့ တွဲဖက်လေ့ကျင့်ပါတယ်''ဟု ပြောကြားခဲ့ကြောင်း South China Morning Post က ဖော်ပြခဲ့သည်။

ရှာမေးလ်အာဒိုဂန်သည် တူရကီနိုင်ငံသား ခံယူထားသော်လည်း ဒါဂတ်စတန်(ရုရှား) တွင်မွေးဖွားခဲ့သည့် ရုရှားနွယ်ဖွားတစ်ဦးဖြစ်သည်။

ထို့ပြင် အာဒိုဂန်သည် ရုရှားပြည်တွင်းနပန်းပြိုင်ပွဲများတွင် ကျင်လည်ခဲ့သူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့နပန်းချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိထားသူဖြစ်သည်။

အာဒိုဂန်သည် MMA (၉) ပွဲ ထိုးသတ်ထားရာ (၉) ပွဲစလုံးအနိုင်ရရှိထားပြီး ယင်း(၉) ပွဲတွင်  အလဲထိုး(၄) ပွဲ၊ ချုပ်ကွက်ဖြင့် တစ်ပွဲ၊ အမှတ်ဖြင့် (၄) ပွဲ နိုင်ထားသူဖြစ်သည်။

အာဒိုဂန်သည် ONE Championship နှင့် လက်တွဲပြီးနောက် တစ်ပွဲသာ ထိုးသတ်ထားရသေးပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံကို အလဲထိုးဖြင့် အနိုင်ရထားသည်။

အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲပြီးနောက် ရုရှားဖိုက်တာနှစ်ဦးဖြစ်သည့် ဗစ်တာလီဘစ်ဒက်ရှ်၊ အလက်စကီဘူတိုရင်တို့နှစ်ဦးနှင့် ယှဉ်ပြိုင်ထိုးသတ်ထားဖူးပြီး အနိုင်ရရှိထားသည်။

အောင်လအန်ဆန်သည်  ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ်နှင့် (၃) ပွဲထိုးသတ်ဖူးရာ တစ်ပွဲအနိုင်ရပြီး နှစ်ပွဲရှုံးနိမ့်ခဲ့ကာ ရုရှားဖိုက်တာ အလက်စကီဘူတိုရင်ကိုမူ ချုပ်ကွက်ဖြင့် အနိုင်ရထားသည်။

ONE Championship သည် ONE 168 ပြိုင်ပွဲကို လာမည့် စက်တင်ဘာ(၆) ရက်(မြန်မာစံတော်ချိန် စက်တင်ဘာ ၇ ရက် မနက်အစောပိုင်း)တွင် အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်း၌ အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့ စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

အောင်လအန်ဆန်နှင့် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်တို့တွဲဆိုင်းကို ပွဲစဉ် (၉) တွင် နေရာချထားသည်။    

Most Read

Most Recent