အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း ကာတာ ယူ-၁၇ လက်ရွေးစင်အသင်းနှင့် စက်တင်ဘာ ၂၆၊ ၂၈ ရက်များတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း ကာတာ ယူ-၁၇ လက်ရွေးစင်အသင်းနှင့် စက်တင်ဘာ ၂၆၊ ၂၈ ရက်များတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်
Photo: MFF
Photo: MFF
Published 2 September 2024

၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်းသည် ကာတာ ယူ-၁၇ လက်ရွေးစင်အသင်းနှင့် စက်တင်ဘာ ၂၆၊ ၂၈ ရက်များတွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် ၂၀၂၅ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအတွက် အကြိုပြင်ဆင်သည့်အနေဖြင့် ကာတာနိုင်ငံသို့ သွားရောက်၍ နေထိုင်လေ့ကျင့်မည်ဖြစ်ပြီး ကာတာ ယူ-၁ ၇ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၆ အသင်းသည် လာမည့် စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့မှ ကာတာနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး စက်တင်ဘာ ၂၆၊ ၂၈ ရက်များတွင် ကာတာ ယူ-၁ ၇ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ စက်တာဘာ ၂၉ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းသည် ပြီးခဲ့သည့်ဇွန်လအတွင်းက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုအဆင့်မှထွက်ခဲ့ရသည်။

၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၁၆ အသင်းကို ဂျပန်နိုင်ငံသား မီတမီချီတာယုက နည်းပြချုပ်အဖြစ်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အုပ်စုအဆင့်တွင် ဘရူနိုင်းအသင်းကို(၈-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ကမ္ဘောဒီးယားအသင်းကို(၁-၂) ဂိုး၊ ဗီယက်နမ်အသင်းကို(၁-၅) ဂိုးတို့ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ ယူ-၁၆ အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်နေရာကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့ကာ ပြည်တွင်းနည်းပြ ဦးအောင်ဇော်မျိုးကို တာဝန်ပေးအပ်ခဲ့သည်။

အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု ၁၀ ခုမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး အုပ်စု(I) တွင် ယီမင်၊ ဗီယက်နမ်၊ ကာဂျစ္စတန်တို့နှင့် ဆုံတွေ့နေသည်။

မြန်မာအသင်းသည် အုပ်စုအနေအထားအရ ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေပြီး အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် တစ်အုပ်စုတည်းကျရောက်ပြီး ရှုံးနိမ့်ထားသည့် ဗီယက်နမ်အသင်းနှင့် ထပ်မံတွေ့ဆုံနေလျက်ရှိသည်။

မြန်မာ ယူ-၁၇ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် လက်ရှိကျင်းပနေသည့် MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် Junior Lions အသင်းအမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

လက်ရှိတွင် ၂၀၂၄ MNL ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲမှာ ပထမအကျော့ပြီးဆုံးနေပြီး Junior Lions အသင်း(မြန်မာ ယူ-၁၆ အသင်း) မှာ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည်။

 

Most Read

Most Recent