ဒဏ်ရာပြဿနာများကြောင့် ကစားသမားဘဝမှအနားယူရန် စဉ်းစားခဲ့ဖူးကြောင်း ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ ဝန်ခံ

ဒဏ်ရာပြဿနာများကြောင့် ကစားသမားဘဝမှအနားယူရန် စဉ်းစားခဲ့ဖူးကြောင်း ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ ဝန်ခံ
Photo: Fox 10 Phoenix
Photo: Fox 10 Phoenix
Published 3 August 2024

 

နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက ဒဏ်ရာပြဿနာများကြောင့် မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် စဉ်းစားခဲ့ဖူးကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ဝန်ခံရေးသားခဲ့သည်။ 

အသက် ၃၂ နှစ်အရွယ်ရှိ နေမာသည် ၂၀၂၃ အောက်တိုဘာလက ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ကစားရင်း ACL (ဒူးအရွတ်စုတ်ပြဲဒဏ်ရာ) ရရှိခဲ့ပြီး ယင်းကတည်းက အနားယူနေရသူဖြစ်သည်။ နေမာသည် ACL ဒဏ်ရာမှ ပြန်လည်ကောင်းမွန် လာရန် ကြိုးပမ်းနေရဆဲဖြစ်ပြီး ယခုအချိန်အထိ ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း သိရှိရသည်။ 

ဒဏ်ရာမှပြန်လည် ကောင်းမွန်လာရန် ကြိုးပမ်းနေရသည့်ကာလအတွင်း နေမာအနေဖြင့် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။ ယခုအခါ နေမာက ကြီးမားသည့် ဒဏ်ရာပြဿနာမှ ပြန်လည်ကောင်းမွန်လာရန် ကြိုးပမ်းနေရချိန်တွင် ၎င်းခံစားရသည့် အတွေးအမြင်ကို ၎င်း၏ Instagram တွင် ရေးသားကာ ပရိသတ်များအတွက်ပြန်လည်ဝေမျှခဲ့ခြင်းဖြစ်သည်။ 

နေမာက "ကျွန်တော် ကြီးမားတဲ့ ဒဏ်ရာရပြီးနောက် ကျွန်တော့်အတွက် အရမ်းခက်ခဲတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။ ဘောလုံးသမားဘဝကနေ အနားယူဖို့အထိ၊ ဘောလုံးကစားတာကို စွန့်လွှတ်ဖို့အထိ တွေးတောမိတဲ့ နေ့ရက်တွေ အများကြီး ရှိခဲ့တာပါ။ ကျွန်တော့် အနေနဲ့ ကြုံတွေ့နေရတာတွေကို ဖြတ်ကျော်ဖို့ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုချင်တာကို မရမချင်း ရပ်တန့်မသွားအောင် တိုက်ပေးနေတဲ့ စစ်သည်တော်တွေ ကျွန်တော့်မှာ ရှိပါတယ်။ ဘုရားသခင်က ကျွန်တော့်ရဲ့ခွန်အားဖြစ်သလို ကျွန်တော့်ရဲ့ခံတပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း တိုက်ပွဲဝင်နေပါတယ်"ဟု ၎င်း၏ Instagram တွင် ရေးသားခဲ့သည်။ 

နေမာသည် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ လွှမ်းမိုးထားသည့် ခေတ်တွင် ပေါ်ပေါက်လာသူဖြစ်သည်။ ဘောလုံးဝေဖန်သူများနှင့် ပရိသတ်များက နေမာအနေဖြင့် မက်ဆီ၊ စီရော်နယ်လ်ဒိုနောက်ပိုင်း ဘောလုံးလောကကို လွှမ်းမိုးကာ Ballon d'Or  ဆုများကို ရယူနိုင်လိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ သို့ သော် နေမာသည် ကစားသမားဘဝတွင် ကြီး မားသည့်ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်ထိ Ballon d'Or ဆုကို ရယူနိုင်ခြင်း မရှိသေးပေ။ 

ထို့ပြင် နေမာသည် ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်လည်း အဓိကဆုဖလားများဖြစ်သည့် ကမ္ဘာ့ဖလားနှင့် ကိုပါအမေရိကချန်ပီယံဆုများကို ရယူပေးနိုင်ခြင်းမရှိသည့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။ နေမာသည် လက်ရှိတွင် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းအတွက် ကစားနေသလို အသက်အရွယ်မှာလည်း ၃၂ နှစ်ကျော်သွားပြီဖြစ်သောကြောင့်  ၎င်းအနေဖြင့် Ballon d'Or  ဆုကို ရရှိရန် မဖြစ်နိုင်တော့ဟု ဘောလုံးဝေဖန်သူများက သုံးသပ်နေကြသည်။ 

Most Read

Most Recent