မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၆၉ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များနှင့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိ

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၆၉ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များနှင့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိ
Published 3 August 2024

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ကျပ် ၆၉ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များနှင့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဖျာပုံမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီအချိန် သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းအတွင်း မောင်းနှင်လာသည့် ကုန်တင်စက်လှေအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရာ ဌေးအောင်၊ ကျော်မြင့်နိုင်၊ ရဲဝင်းနိုင်၊ စောဟန်နှင့် ဆိတ်ဖေတို့ ငါးဦးအား ကျပ် ၆၉ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၃ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်၊ မြရတနာ(၈)လမ်းရှိ ဖမ်းမိစက်လှေပိုင်ရှင် လှမောင်ကြီး၏နေအိမ်မှ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမကျည် ၅၀ တောင့်နှင့်အတူ ထွန်းအောင်အားလည်းကောင်း၊ သိမ်းဆည်းရမိအိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် သန်းဌေး(ခ)အရှည်ကြီးအား ဖျာပုံမြို့နယ်၊ ဆင်မကျေးရွာ၌လည်းကောင်း၊ စက်လှေပိုင်ရှင် လှမောင်ကြီးနှင့် ပဲ့နင်း သားကြီး(ခ)ဇော်သိန်းလှိုင်တို့အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်တွင် PRADO မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ မင်းမျိုးထွန်း(ခ)ကိုမျိုးအား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၌ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ကျပ်သိန်း ၁၉၀ နှင့်လည်းကောင်း၊ အောင်ဆင့်ထွန်း(ခ)ကိုဆင့်(ခ)ကိုစိုင်းနှင့် ထိန်လင်းအောင်(ခ) ရောဘတ်(ခ)ခွန်ရဲလင်းဦးတို့အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းမရှိ ဧည့်ရိပ်သာတွင် TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီး၊ HILUX SURF မော်တော်ယာဉ် နှစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိအိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မလေးရှားနိုင်ငံ ပင်လယ်ရေပြင်သို့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုံစာ- ဖမ်းဆီးရမိသူများအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC Myanmar)

Most Read

Most Recent