ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် မြေသားနှင့် ကျောက်တုံးများ ပြိုကျမှုဖြစ်ပွား

ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် မြေသားနှင့် ကျောက်တုံးများ ပြိုကျမှုဖြစ်ပွား
Published 13 June 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ သွားရောက်သည့် ကျိုက်ထီးရိုးတောင်တက်ကားလမ်းတွင် ဇွန် ၁၃ ရက် နံနက်အစောပိုင်းက ကားလမ်းပေါ်သို့ မြေသားနှင့် ကျောက်တုံးများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးတောင်တက်ကားလမ်းပေါ် မြေသားပြိုကျမှုဖြစ်ပွားခဲ့ရာနေရာမှာ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ တောင်တက်ကားလမ်းမိုင်တိုင်မှတ် ၇ မိုင်နှင့် ၆ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့ပြီး ကားလမ်းပေ ၁၀၀ ခန့် မြေသားများနှင့် ကျောက်တုံးများ ဖုံးလွှမ်းခဲ့ကြောင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ တာန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးက နေ့တိုင်းလိုလိုရွာနေတော့ မြေသားတွေ ပျော်ပြီး ပြိုကျကုန်တာလို့ ယူဆပါတယ်။ တောင်တက်ကားလမ်းပေါ် မြေသားပြိုကျမှုဖြစ်စဉ်မှာ လူထိခိုက်မှုနဲ့ အဆောက်အဦးတွေ ထိခိုက်မှုမရှိပါဘူး” ဟု ပြောကြားသည်။

ကျိုက်ထီးရိုး တောင်တက်ကားလမ်းပေါ် မြေသားနှင့် ကျောက်တုံးများ ပြိုကျမှုအား ကျိုက်ထီးရိုးတောင်ပေါ် မီးသတ်တပ်ဖွဲ့၊ ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အဖွဲ့၊ ရင်ပြင်တော်ဂေါပကအဖွဲ့နှင့် ကေဘယ်မှအဖွဲ့များ စုစုပေါင်းအင်အား ၄၀ ဦးခန့်ဖြင့် ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

ဇွန် ၁၀ ရက် နံနက် ၇ နာရီခန့်ကလည်း မိုးရွာသွန်မှုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်း ဂေါပကအဖွဲ့ရုံးအရှေ့ရှိ ညောင်ပင်ကြီးမှာ အမြစ်မှကြွတက်၍ လဲကျမှုဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်း တစ်ခန်းနှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent