စက်တင်ဘာ ၁၁ ရက် တစ်ရက်တည်းမှာပင် မြို့ ခုနစ်မြို့၌ မိုးရေစံချိန်သစ်များတင်

စက်တင်ဘာ ၁၁ ရက် တစ်ရက်တည်းမှာပင် မြို့ ခုနစ်မြို့၌ မိုးရေစံချိန်သစ်များတင်
Published 11 September 2024

    စက်တင်ဘာ ၁၁ ရက် တစ်ရက်တည်းမှာပင် မြို့ ခုနစ်မြို့၌ မိုးရေစံချိန်သစ်များတင်ရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

    မိုးရေစံချိန်သစ်တင်ခဲ့သည့် မြို့များမှာ သာစည်၊ ရမည်းသင်း၊ ပင်လောင်း၊ ဘားအံ၊ လွိုင်လင်၊ တောင်ကြီး၊ တပ်ကုန်း စသည့်မြို့များဖြစ်သည်။

    သာစည်မြို့မှာ နှစ်ပေါင်း ၅၁ နှစ်အတွင်း၊ ရမည်းသင်းမြို့မှာ နှစ်ပေါင်း ၆၀ အတွင်း၊ ပင်လောင်းမြို့မှာ နှစ်ပေါင်း ၅၈ နှစ်အတွင်း၊ ဘားအံမြို့မှာ နှစ်ပေါင်း ၄၁ နှစ်အတွင်း၊ လွိုင်လင်မြို့မှာ နှစ်ပေါင်း ၅၈ နှစ်အတွင်း၊ တောင်ကြီးမြို့မှာ နှစ်ပေါင်း ၇၄ နှစ်အတွင်း၊ တပ်ကုန်းမြို့မှာ နှစ်ပေါင်း ၄၁ နှစ်အတွင်း မိုးရေစံချိန်သစ်များ တင်ရှိခဲ့ကြောင်း မိုးဇလ၏ မှတ်တမ်းများအရ သိရသည်။

    စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေများမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင်  စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှ မိုးရေချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက်ပိုခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် စက်တင်ဘာလ (ပထမ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကြောင်း မိုးဇလက ထုတ်ပြန်သည်။

    စက်တင်ဘာ ဒုတိယပတ်မိုးရွာသွန်းမှု ခန့်မှန်းချက်အရ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent