နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်သဖြင့် ကျေးရွာအချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပွားနေ

နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်သဖြင့် ကျေးရွာအချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပွားနေ
Published 11 September 2024

နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်သဖြင့် ကျေးရွာအချို့တွင် ရေနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ စက်တင်ဘာ ၁၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်လာပြီး စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာများရှိ အနိမ့်ပိုင်း နေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပေါင်းလောင်းမြစ်အနီးတွင် တည်ရှိသည့် စည်ပင်ကြီးကျေးရွာနှင့် ချောင်းကမ်းကြီးကျေးရွာတို့မှ အိမ်ခြေပေါင်း ၄၀၀ အထိ ရေဝင်ရောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ကျည်တောင်နှင့် သာယာဝှမ်း ဆက်သွယ်ထားသည့် ပေါင်းလောင်းမြစ်ကူး(သစ်သား)တံတား ပေ ၁၀၀ ခန့် ကျိုးပဲ့၍ မြစ်ရေနှင့်အတူ မျောပါသွားသဖြင့် အများပြည်သူများ သွားလာမှုအား တားမြစ်ထားရကြောင်းလည်း သိရသည်။

အလားတူ တပ်ကုန်းမြို့နယ်၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှစ၍ တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာအုပ်စုရှိ မကျီးပင်ကျေးရွာ၊ ရေတွင်းဖြူကျေးရွာ၊ ရှားတုန်းအိုင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့တွင် နဝင်းချောင်းရေမြင့်တက်မှူကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် နေပြည်တော်မှ တပ်ကုန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ရန်ကုန်- မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အချို့​​နေရာများတွင်လည်း ရေကျော်လျက်ရှိကြောင်း သိရသည်။

မကျီးပင်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်များသို့ ရေအမြင့် ၅ ပေခန့် ဝင်ရောက်မှုကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေကြရကြောင်း၊ တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာတို့၌ လူနေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် ရွှေ့ပြောင်းနေထိုင်နေကြရ ကြောင်း၊ သစ်ဆိမ့်ပင်ပင်ကျေးရွာအုပ်စုရှိ ညောင်ကိုင်းချောင်း(တောင်ကျရေ) များမှုကြောင့် သစ်ဆိမ့်ပင်တောင်ရွာ၌ လူနေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် ကျေးရွာဘုန်းတော်ကြီးကျောင်း သို့ ရွှေ့ပြောင်းနေထိုင်ခြင်း၊ နှစ်ထပ်အိမ်ရှိ အပေါ်ထပ်၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လက်ရှိသော ကျေးရွာများသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်း ထွန်းဦး၊ ကောင်စီဝင်ဗိုလ်မှုးကြီးရဲမိုးနှင့် တာဝန်ရှိသူများမှ သွားရောက်၍ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent